နေပြည်တော် မတ် ၇

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ သမိုင်းဝင်ဖောင်တော်ချက်မဘုရား ပရိဝုဏ်အတွင်း အပြင်နှင့် တန်ဆောင်းများအတွင်း ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတော်ကြီး ပြန်လည်ပြုပြင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီး ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရေး ဆွေးနွေးမှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိ မြို့နယ် အမှတ် (၁၉) အခြေခံပညာ အထက်တန်းကျောင်းအတွင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် စာစစ်ဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု နှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

နေပြည်တော်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ၂ဝ၂၆ ခုနှစ် အခြေခံ ပညာ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာဖြေဌာနကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား စားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ လိုအပ်သလို ဦးဆောင်လမ်းညွှန်ကြပ်မတ်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ချမှတ်ထားသည့် စာမေးပွဲစည်းမျဉ်းစည်း ကမ်းများနှင့်အညီ ကျင်းပဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး စာစစ်ဌာနအသီးသီးတွင် တာဝန်ယူကြမည့် ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက စားသောက်ကုန်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)