နေပြည်တော် မတ် ၈

 

တပ်မတော် (ရေ) မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်း ဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

တက်ရောက်

အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ် ကွပ်ကဲမှု ဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များနှင့်

ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

 

ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား

ဦးစွာ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် တပ်မတော် (ရေ) မှအရာရှိကြီး များက ကြိုဆိုနှုတ်ဆက်ကြသည်။

 

 

ထို့နောက် တာဝန်ရှိသူများက ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလုံလွန်းကျင်းအုပ်ချုပ်မှု အဆောက်အအုံကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး Shipyard Management Software ခန်းအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို တည်ဆောက်ရေးအလုပ်ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော် (ရေ) အတွက်သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ် သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံး စတင် တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော် (ရေ)တွင် တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) နှင့် မြစ်တွင်းသွားဘက်စုံသုံး စစ်ရေယာဉ်များကိုလည်း တပ်တော်ဝင်နိုင်မည် ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း။

 

 

မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့် စီးပွားရေး ဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာ တည်ရှိနေသကဲ့သို့ မြန်မာ့ ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိက ရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများ ရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ် ကြောင်း။

 

ထို့ကြောင့် ရေကြောင်းအကျိုးစီးပွားများ ဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံ ဇာတများ၊ ပင်လယ်ပြင်ဆက်သွယ်ရေး လမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက် ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည် ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန် လိုအပ်မည် ဖြစ်ကြောင်း။

 

ထို့ကြောင့် အနာဂတ်တပ်မတော် (ရေ) အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင် တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်/ ပြုပြင် နိုင်သည်အထိ ရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 

တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါက အရွယ်အစား ကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင် နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင် နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင် ပိုင်နက်စိုးမိုးလုံခြုံရေးကိုလည်း ပိုမို ခိုင်မာကောင်းမွန်စေခဲ့ကြောင်း။

 

ယနေ့ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်မည့် စစ်ရေယာဉ်များသည် ယခု တန် ၄၀၀၀၀ ရေလုံ လွန်းကျင်းတွင် စတင်တည်ဆောက်မည့် စစ်ရေယာဉ်များဖြစ်ပြီး အဆိုပါရေယာဉ်များ တည်ဆောက် နိုင်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေမည် ဖြစ်ကြောင်း၊ တပ်မတော် (ရေ) အနေဖြင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ ပြည့် နှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများရှိပြီး ဖြစ်သော်လည်း ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေး နည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ်ကြိုးစား အားထုတ်သွားရမည်ဖြစ်ကြောင်း။

 

ရေလုံလွန်းကျင်းကြီးသည် နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သည့်အတွက် ရေလုံလွန်းကျင်း နှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့် စနစ်တကျ အသုံးပြုနိုင်‌ရေး ဆောင်ရွက်သွားကြရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ တည်ဆောက်ပြုပြင်နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် တပ်မတော် (ရေ) မျိုးဆက်သစ် အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရင်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက် သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရေလုံလွန်းကျင်း တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။

 

ဆက်လက်၍ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်း တည်ဆောက်ရေး တာဝန်ယူ ဆောင်ရွက်ခဲ့သည့်ကုမ္ပဏီ ဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးထံ စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က ရေလုံလွန်းကျင်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းကို ပေးအပ်ရာ ရေလုံလွန်းကျင်းတည်ဆောက်ရေး တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌ က လက်ခံရယူသည်။

 

ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနား

ဆက်လက်၍ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ စစ်ရေယာဉ်များ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ် ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှုလုပ်ငန်းအား စတင်ပေးခဲ့ပြီး ဧရာခင်း မင်္ဂလာကြေးပြားများ နှင့် ကိုယ်ထည် အစိတ်အပိုင်းများအား မင်္ဂလာအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

 

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ တည်ဆောက်ခဲ့မှု ဓာတ်ပုံပြခန်းနှင့် ရေလုံလွန်းကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် စတင် တည်ဆောက်ခဲ့ပြီး ပထမအဆင့် စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လည်းကောင်း၊ ဒုတိယ အဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိလည်းကောင်း အောင်မြင်စွာ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအား တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ တတိယအဆင့် စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်း တည်ဆောက်မှုအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ရေတပ်သင်္ဘောကျင်းဌာနချုပ် ရေလုံလွန်းကျင်းတွင် အရွယ်အစားကြီးမားသော စစ်ရေယာဉ်ကြီးများ၊ ကုန်သွယ်ရေယာဉ်များတည်ဆောက်ခြင်း (သို့မဟုတ်) လွန်းတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်း စွမ်းအားတို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြု ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား

ဆက်လက်၍ တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ နှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ) များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းက စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ရေယာဉ်စုမှူးထံသို့ တပ်တော်ဝင် စစ်ရေယာဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်း များအား လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ် ပုံစံငယ်များအား ဂါရဝပြုပေးအပ်သည်။ ထို့‌နောက် စစ်ရေယာဉ်များ တပ်တော်ဝင်ဆောင်ရွက်နိုင်ရန် အတွက် တပ်တော်ဝင်တံခွန်အလံများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ် (ရေ) ထံ လွှဲပြောင်းပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) က လက်ခံရယူပြီး သက်ဆိုင်ရာ စစ်ရေယာဉ်မှူးများထံ ဆက်လက် လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးက တပ်တော်ဝင် စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံ လွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်းရှစ်ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း) အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ကြသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ် (မုတ္တမ) ပေါ်သို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်းအောင်) နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်) တို့က အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂုဏ်ပြု အလေးပြုကြသည်။

 

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်တော်ဝင် စစ်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်  အရာရှိ၊ စစ်သည်များအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကိုပေးအပ်ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြသည်။

 

 

ယနေ့ တပ်မတော် (ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း) သည် တပ်မတော် (ရေ) ရေယာဉ် တည်ဆောက်မှု သမိုင်း၌ အရွယ်အစားအားဖြင့် အကြီးမားဆုံး ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကြောင်း၊ အချိန်ကာလ တစ်လကျော်၊ စုစုပေါင်း ခုတ်မောင်းချိန် နာရီ ၂၇၀ ကျော်၊ ခရီးအကွာအဝေး ရေမိုင် ၃၅၀၀ ခန့် ခရီးရှည်စမ်းသပ်မောင်းနှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့် ခရီးစဉ်အတွင်း စံချိန်စံညွှန်း ပြည့်မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌ တပ်ဆင်ထားသည့် ကိရိယာများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအား စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် တပ်တော်ဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ရေယာဉ်များအား ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်