နေပြည်တော် မတ် ၈
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် အမျိုးသမီးကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “Rights. Justice. Action. For All Women and Girls” “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ထိရောက်အောင်မြင်ရန်အတွက် Phase II (၂၀၂၃-၂၀၃၂)ကို ဦးဆောင်ကော်မတီတစ်ရပ်နှင့် လုပ်ငန်းကော်မတီ(၁၂)ရပ် ဖွဲ့စည်းပြီး ရေးဆွဲခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာလုပ်ငန်းများ၏ အရေးကြီးမှုကို ပိုမိုထင်ဟပ်ပေါ်လွင်စေခြင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် စောင့်ရှောက်မှုများ ပေးနိုင်ခြင်းဖြင့် ယခုနှစ် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ၏ စွမ်းရည်များ မြှင့်တင်ပေးနိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမျိုးသမီးငယ်ရွယ်စွမ်းဆောင်ရည်ဆု ရရှိသူများအား လည်းကောင်း၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်သီတာဇင်က ASEAN Award 2025 ဆု ရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ပြသသည်။
ယင်းနောက် ပျဉ်းမနားခရိုင် အမျိုးသမီးရေးရာအဖွဲ့က အလှကမ္ဘာမြေ၊ မမကိုယ်တိုင်က၊ ဇေယျာသီရိ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ချင်းတို့ဌာနေနှင့် နေပြည်တော် ကလေးပြုစုရေးဌာန သမီးငယ်လေးများက ရက်မြတ်မင်္ဂလာ စသည့် တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


