လွိုင်ကော် မတ် ၈

 

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆုရထူးချွန် အမျိုးသမီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး က အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအတွက် ထောက်ပံ့ငွေပေးအပ်ကာ စစ်ရေးပြ ထူးချွန်ဆု၊ သင်တန်းသူစံပြဆုနှင့် လူရည်ချွန်ဆု ရရှိခဲ့ကြသည့် ထူးချွန်အမျိုးသမီးများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ထူးချွန်ဆုရရှိသည့် အမျိုးသမီးများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ်ရေးရာဦးစီးဌာနက ထောက်ပံ့သည့်  အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်များကို သက်ဆိုင်ရာကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် လွိုင်ကော် မူလတန်းကြိုကျောင်းနှင့် လွိုင်ကော် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းတို့မှ အကအဖွဲ့များက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ဖျော်ဖြေပေးကြ သည့်အဖွဲ့များအား ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)