မြိတ် မတ် ၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးပစ္စည်းများကို အသိပေးကြေညာချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆောင်ရွက်ခြင်းနှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းပွဲကို မတ် ၇ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည်။

 

အသိပေး ရှင်းလင်းရာတွင် မြိတ်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်းက ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (CEIR) အသုံးပြုဆောင်ရွက်မည့် အစီအစဉ်များနှင့် မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများ စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် အခွန်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ရှင်းလင်းပွဲသို့ မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ်အကြောင်း သိကောင်းစရာများနှင့် CEIR Public Portal အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)