ရန်ကုန် မတ် ၈

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်း စင်တာ(MCC) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး UN Message Video Clip နှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip တို့ကို ပြသသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က (၂၂)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ချီးမြှင့်သော ၂၀၂၅ ခုနှစ်အတွက် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ချီးမြှင့်သော ကျန်းမာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က စီးပွားရေး ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဥပဒေချုပ်တို့က ပညာရေးကဏ္ဍတွင် ထူးချွန်ဆု ရရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် (၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစား ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

 

ထို့နောက် အခမ်းအနားအစီအစဉ်များအတိုင်း တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အခြေခံ ပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲတွင်ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို အခြေခံပညာအဆင့် စာစီ စာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း တို့ကို ဆောင်ရွက်ကြပြီး တက်ရောက်လာကြသူများသည် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။

 

ယမန့်နေကလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ချစ်ကြည်ရင်းနှီးမှုတွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား‌ပြောကြားပြီး ဒုတိယဝန်ကြီးက ဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားကာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။

 

ယင်းနောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှအဖွဲ့များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)