မကွေး မတ် ၈

 

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

တိုက်တွန်းပြောကြား

 

ဦးစွာ မကွေးမူကြိုကလေးငယ်များက “လှမ်းခဲ့ ပါဆွေ ဖန်ခါးမြေ” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “တရားမျှတမှုနဲ့ အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး (Rights. Justice. Action. For All Women and Girls)” ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်အတိုင်း တန်းတူညီမျှမှုရှိစေရေး၊ ခွဲခြားပစ်ပယ်ခြင်းကင်းစေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ ကျား၊ မတန်းတူညီမျှမှုကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်ဗီဒီယိုနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်က ပေးပို့လာသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဗီဒီယိုတို့ကို ကြည့်ရှုကြသည်။

 

ယင်းနောက် မကွေးမူကြိုကလေးငယ်လေးများက “ရေအိုးကိုယ်စီ ” သီချင်း၊ ကလေးပြုစုရေးဌာနက “အောင်ပါစေ”သီချင်း၊ မကွေးတိုင်းဒေသကြီး လူမှု ဝန်ထမ်းရုံးမှ သမီးပျိုလေးများက “ဗမာမလေးပါရှင့်” သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဖျော်ဖြေ တင်ဆက်ခဲ့ကြသော သားငယ်၊ သမီးငယ်လေးများနှင့် သမီးပျိုလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ‌ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)