ဂျကာတာ မတ် ၈
အင်ဒိုနီးရှားနိုင်ငံသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အသက် ၁၆ နှစ်အောက် သုံးစွဲသူများအတွက် အွန်လိုင်းဘေးကင်းရေး စည်းမျဉ်းသစ်များကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး မူယာဟာဖစ်ဒ်က ပြောကြားခဲ့သည်။
အဆိုပါစည်းမျဉ်းအရ အသက် ၁၆ နှစ်အောက် သုံးစွဲသူများသည် ဆိုရှယ်မီဒီယာပလက်ဖောင်းအချို့သို့ ဝင်ရောက်အသုံးပြုမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခံရမည်ဖြစ်ပြီး ယင်းစည်းမျဉ်းကို မတ် ၂၈ ရက်မှစတင်ကာ အဆင့်ဆင့်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက် ၁၆ နှစ်အောက် သုံးစွဲသူများအတွက် ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းများအားလုံး စည်းမျဉ်းလိုက်နာမှုများ ပြည့်စုံလာသည်အထိ အဆင့်ဆင့်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အန္တရာယ်ရှိ ဒစ်ဂျစ်တယ်ပလက်ဖောင်းများဟု သတ်မှတ်ထားသည့် ပလက်ဖောင်းများပေါ်ရှိ အသက် ၁၆ နှစ်အောက် သုံးစွဲသူများ၏ အကောင့်များကိုလည်း တဖြည်းဖြည်းပိတ်သိမ်းသွား မည်ဖြစ်ပြီး တစ်တော့ခ်၊ ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်တို့လည်း အဆိုပါပလက်ဖောင်းများတွင် ပါဝင် ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
အစိုးရ၏ ပြောကြားချက်အရ အဆိုပါစည်းမျဉ်းများကို ပြဋ္ဌာန်းရခြင်းမှာ အန္တရာယ်ရှိသော အွန်လိုင်းအကြောင်းအရာများ၊ သူစိမ်းများနှင့် ဆက်သွယ်မှုများ၊ အွန်လိုင်းအမြတ်ထုတ်မှု၊ လိမ်လည်မှု၊ ဆိုက်ဘာအနိုင်ကျင့်မှုနှင့် အင်တာနက်အလွန်အကျွံသုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန်ဖြစ်ပြီး လူငယ်အင်တာနက်သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာကို ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


