ဒူဘိုင်း   မတ်   ၈

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့တော်ရှိ လေဆိပ်များက ဒေသတွင်း လေကြောင်းသယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့်ရင်ဆိုင်နေရချိန်တွင် ခရီးသွားများ နေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ပြီးခဲ့သည့် ၈၄ နာရီအတွင်း လေကြောင်းခရီးစဉ်ပေါင်း ၁၁၄၀ ကျော်ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်များကို ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Al Maktoum အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ပြေးဆွဲလျက်ရှိကြောင်း နိုင်ငံပိုင် လေဆိပ်အော်ပရေတာဖြစ်သည့်  ဒူဘိုင်းလေကြောင်းလိုင်း၏ ပြောကြားချက်အရ သိရသည်။

မတ် ၂ ရက်မှ ၅ ရက်အထိ အဆိုပါလေဆိပ်နှစ်ခုမှ လေကြောင်းခရီးစဉ် ၅၀၀ ကျော် ပြေးဆွဲပျံသန်းခဲ့ပြီး နိုင်ငံပေါင်း ၈၀ ကျော်သို့ ခရီးသွားမည့် ခရီးသည်ပေါင်း ၁၀၅၀၀၀ ခန့်ကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ခရီးသည်အရေအတွက်မှာလည်း နေ့စဉ်တိုးလာလျက်ရှိသည်။

လေကြောင်းခရီးစဉ်များကို  နေ့စဉ်အချိန်ဇယားတွင်  ထပ်မံထည့်သွင်းလျက်ရှိပြီး  ခရီးသွားများအား ၎င်းတို့၏ လေကြောင်းလိုင်းများနှင့် တိုက်ရိုက်ဆက်သွယ်ကာ နောက်ဆုံးပျံသန်းမှုအခြေအနေ များကို စစ်ဆေးရန် အကြံပြုထားကြောင်းလည်း ဒူဘိုင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခများဖြစ်ပွားပြီးနောက် အရှေ့အလယ်ပိုင်းဒေသအချို့တွင် လေပိုင်နက်အသုံးပြုမှုကို ကန့်သတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့် လေကြောင်းဆိုင်ရာ ကြိုတင်ကာကွယ်ရေးအစီအမံများလည်း  ကျယ်ပြန့်စွာဆောင်ရွက်ခဲ့ကြသည်။ ကြိုတင် ကာကွယ်ရေးအစီအမံအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုက ၎င်း၏ လေပိုင်နက်အချို့ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်