ပုသိမ်    မတ်   ၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဘိလိယက်နှင့် စနူကာ အားကစားခန်းမ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အားကစားခန်းမ ဆောက်လုပ်မည့် မြေနေရာ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မင်္ဂလာပန္နက်တင်မည့် သတ်မှတ်နေရာများတွင်နေရာယူကြပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် ပန္နက်တင်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံ အသီးသီး၌နေထိုင်ကြသည့်  အမျိုးသမီးများအားလုံးအတွက် အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်စောင့် ရှောက်ခြင်းနှင့် ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ပေးခြင်းတို့ကို   ဖော်ဆောင်နိုင်ရန်  ရည်ရွယ်ကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် မတ် ၈ ရက် ရောက်တိုင်း ဆောင်ပုဒ်များသတ်မှတ်ပေးကာ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာနှင့်အဝန်း ကျင်းပခဲ့ကြကြောင်း။

အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ထုတ်ပေးခြင်း၊  ကာကွယ်စောင့်ရှောက်ခြင်း၊  စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်အသိအမှတ် ပြုပေးခြင်းတို့သည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာဗီဒီယိုနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပေးပို့သော အသိပညာပေး မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင် ရှစ်ခရိုင်မှ  အမျိုးသမီးရေးရာအဖွဲ့တို့၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံပြခန်း၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်တို့မှ ထွက်ရှိသော အမျိုးသမီးများ၏ လက်မှုထုတ်ကုန်ပစ္စည်းများ၊ ပုသိမ်မြို့ နှင့် ဖျာပုံမြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ လက်မှုပစ္စည်းများ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က လက်မှုထုတ်ကုန်များအား ကြည့်ရှုအားပေးသည်။

ထို့နောက် ပုသိမ်မြို့ ကမ္ဘာအေးကျောင်းပရိယတ္တိ စာသင်တိုက်၌ကျင်းပသည့် ဂုဏဝိသိဋ္ဌထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲသို့တက်ရောက်ရာ ကမ္ဘာအေးကျောင်း ပရိယတ္တိစာသင်တိုက်၏ တိုက်အုပ်စာချ ကထိက ဘဒ္ဒန္တခန္တီဗလအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့်   အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ   ဆက်ကပ်လှူဒါန်းပြီး ကြံခင်းမြို့ ပိန္နဲကွင်းကျောင်း ပဓာနမဟာနာယက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(အကျိုးတော်ဆောင်) ဘဒ္ဒန္တ ဇောတိဿရ (ကြံခင်း)ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)