မတ် ၉
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ပြင်ရှိ ဘီကာစီဒေသ Bantar Gebang ပေါင်းစပ်အမှိုက်စွန့်ပစ်ရေးနေရာတွင် အမှိုက်ပုံကြီးတစ်ခုပြိုကျမှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Bantar Gebang အမှိုက်ပုံ၏ ဇုန် IV တွင် မတ်လ ၈ ရက် ဒေသစံတော်ချိန် ၁၄ နာရီ ၃၀ မိနစ်ခန့်က မီတာ ၅၀ အမြင့်ရှိ အမှိုက်ပုံတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
အာဏာပိုင်များက လေးဦးသေဆုံးကြောင်း အတည်ပြုခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Hanif Faisol Nurofiq က ယင်းဖြစ်ရပ်သည် ဂျကာတာ၏ အမှိုက်စီမံခန့်ခွဲမှုစနစ်တွင်ရှိနေသော ပြင်းထန်သည့်ပြဿနာများကို ထင်ရှားစေခဲ့သည်ဟု ပြောကြားခဲ့သည်။
အမှိုက်ပုံတွင် ပွင့်လင်းမြင်သာစွာ စွန့်ပစ်သည့်နည်းလမ်းကို ဆက်လက်အသုံးပြုခြင်းသည် အမှိုက်ပုံအနီးအနားနေထိုင်သူများနှင့် အလုပ်သမားများအတွက် အန္တရာယ်များဖြစ်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့ပြီး အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တိုးတက်ကောင်းမွန်အောင်ပြုပြင်ရန် တောင်းဆိုခဲ့သည်။
ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ပြည့်စုံသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ပြီး အနာဂတ်တွင် အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန် တင်းကျပ်သော ဥပဒေအရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်ဟု သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


