ဘိုကလေး မတ် ၉

 

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘိုကလေးမြို့နယ် ဟိုင်းစီကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာနှင့် ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်ခင်းကျင်းခဲ့သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး)ကားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်း၌ အဆိုပါ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦအောင်စန်းချစ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းသိန်း၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဖျာပုံခရိုင် ဦးစီးမှူး ဦးမိုးမြင့် အပါအဝင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။

 

ယခုဖွင့်လှစ်သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး)ကားလမ်း ကွန်ကရစ်လမ်းသစ်သည် လမ်းမိုင်အရှည် ၁ မိုင် သုည ဒသမ ၂ ဖာလုံ၊ လမ်း နယ်နိမိတ်အကျယ်ပေ ၃၀ ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွန်ကရစ်ခင်းခြင်း လုပ်ငန်းစတင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လုပ်ငန်းပြီးဆုံးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုးငွေ ၁၂၉ ဒသမ ၁၈၈ သန်း ရှိကြောင်း၊ အဆိုပါ လမ်းခင်းကျင်းခဲ့ခြင်းအားဖြင့် အကျိုးပြုရွာ သုံးရွာ၊ အကျိုးပြုအိမ်ခြေ ၈၀၂ အိမ်၊ အကျိုးပြု လူဦးရေ ၃၁၈၇ ဦးရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)