ရန်ကုန်      မတ်     ၉

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်းနည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီ  ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ နည်းပြ Mr.Mahabir Parsad၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ သင်တန်းသား သင်တန်းသူများက မိတ်ဆက်ဂါရဝပြုကာ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နပန်း၊ ဂျူဒိုကစားဖူးသူများ၊  မြန်မာ့လက်ရွေးစင်နပန်းကစားသမားများ၊ အသက် ၂၀ မှ ၄၅ နှစ်အကြားရှိသူများ၊ အခြေခံပညာအထက်တန်းအဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသား သင်တန်းသူများ၊ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၃၀ အား မတ် ၉ ရက်မှ ၁၃ ရက်အထိ စာတွေ့၊ လက်တွေ့နှင့် အရည်အချင်းစစ်စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗလ