ဟားခါး မတ် ၉
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCEDAW) ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၅၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သဖြင့် အမျိုးသမီးကဏ္ဍ လွန်စွာအရေးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် မဟာဗျူဟာစီမံကိန်းကို စနစ်တကျ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအဆင့် မဟာဗျူဟာစီမံကိန်းတွင် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများ၊ အမျိုးသမီးများနှင့် စီးပွားရေး၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက်ချမှတ်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ယန္တရားများ၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးများနှင် မီဒီယာ၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသမီးငယ်ရွယ်များ စသည့်အဓိကလုပ်ငန်းနယ်ပယ် (၁၂) ရပ်ပါဝင်ကြောင်း၊ ဤမဟာဗျူဟာစီမံကိန်းများ အောင်မြင်ရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ယခုနှစ်အတွက် ကုလသမဂ္ဂက သတ်မှတ်ပေးသည့်ဆောင်ပုဒ်မှာ “တရားမျှတမှုနှင့် အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး ” ဖြစ်သည့်အတွက် ဆောင်ပုဒ်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ရန်တာဝန်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မှတ်တမ်းဗီဒီယိုကလစ် ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


