ရန်ကုန်    မတ်    ၉

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၂၁ ပထမနေ့ကို မတ် ၉ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပရာ သစ္စာအားမာန်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီ သရေကျကာ အမှတ်ခွဲယူခဲ့သည်။

တန်းဆင်းဇုန်အန္တရာယ်မှ လွတ်မြောက်ရေး အမှတ်လိုနေသည့် သစ္စာအားမာန်အသင်း  ရုန်းကန်ခဲ့ပြီး  အနိုင်သုံးမှတ်ရယူနိုင်ခြင်းမရှိသော်လည်း  သရေတစ်မှတ်ရယူခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည်  တတိယနေရာရရှိရန်  သေချာပြီးဖြစ်သော်လည်း လက်ကျန်ပွဲများတွင်    အမှတ်ရယူ နိုင်ရန် ကြိုးပမ်းခဲ့သည်။

ချေပဂိုးပြန်သွင်း

ဒဏ်ရာရကစားသမားအချို့ရှိနေသည့် သစ္စာအားမာန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ဒဂုံစတားယူနိုက်တက်အသင်းမှာမူ  အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သည်။  ၁၁  မိနစ်တွင် နောက်ခံလူ မိုကာလူးက  ဒဂုံစတားယူနိုက်တက်အသင်းအတွက်  ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပထမပိုင်းပြီးခါနီး ၄၁ မိနစ်တွင် ရှိုင်းဝဏ္ဏအောင်က  သစ္စာအားမာန်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ၇၅ မိနစ်တွင် ရှိုင်းဝဏ္ဏအောင်က လှပသည့် Volley ကန်ချက်ဖြင့် သစ္စာအားမာန်အသင်းအတွက် ဦးဆောင်ဂိုးပြန်သွင်းသော်လည်း  နှစ်မိနစ်အကြာမှာပင် ချေပဂိုးပြန်ပေးခဲ့ရပြီး ထက်ဖြိုးဝေက ဒဂုံစတားယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။

ပွဲစဉ် ၂၁ ဒုတိယနေ့ကို မတ် ၁၀ ရက်တွင် သီဟဒီပကွင်း၌  ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့    ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ချစ်ကိုကို