ထွန်းသစ်စ
စင်ကာပူနိုင်ငံမှာ လာရောက်လုပ်ကိုင်နေသူ ရွှေ့ပြောင်းအခြေချသူတွေဟာ စင်ကာပူနိုင်ငံအတွက် အကျိုးရှိတယ်လို့ ဆိုငြားသော်လည်း ၎င်းတို့အပေါ် ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး စင်ကာပူလူငယ်လေးတွေရဲ့အမြင်မှာ ဝေဖန်မှုတွေ ရှိနေတယ်လို့ စစ်တမ်းတွေမှာ ဆိုထားပါတယ်။
လှေကားထစ်သဖွယ်ဖြစ်လာ
ပြည်တွင်းဉာဏ်ကြီးရှင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မူဝါဒလေ့လာရေးအဖွဲ့ (အိုင်ပီအက်စ်)က ပြုလုပ်ခဲ့တဲ့လေ့လာဆန်းစစ်မှုတွေက ဘာကိုပြနေသလဲဆိုရင် ငယ်ရွယ်တဲ့စင်ကာပူလူငယ်တွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ကြား အတွေးမျှင်တစ်ခုကို ဖော်ထုတ်ပြထားတယ်လို့ ဆိုပါတယ်။ အသက် ၁၉ နှစ်ကနေပြီး ၃၀ ကြားရှိတဲ့ လူပေါင်း ၂၀ဝဝ ကျော်လောက်ကို၂၀၁၆ ဇွန်လနဲ့ နိုဝင်ဘာလမှာ မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှု လုပ်ခဲ့တာဖြစ်ပြီး ယခုအချိန်အထိလည်း အကျိုးသက်ရောက်မှု ရှိနေပါတယ်။ အခုလိုမျိုး စစ်တမ်းကောက်ယူတာဆိုရင် ဒုတိယအကြိမ်ရှိပြီလို့ သိရပြီး လွန်ခဲ့တဲ့ ၂၀၁၀ တုန်းကလည်း အခုလို စစ်တမ်းမျိုး ကောက်ယူခဲ့တယ်လို့ အိုင်ပီအက်စ်က ဆိုပါတယ်။
စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာတွေ့ရှိမှု စစ်တမ်းတွေအရ ၅၅ ဒသမ ၉ ရာခိုင်နှုန်းခန့်သော စစ်တမ်း ဖြေကြားသူတွေဟာ စင်ကာပူနိုင်ငံမှာ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ သို့မဟုတ် ပါရမီရှင်တွေဟာ စင်ကာပူထက်မြင့်မားတဲ့ တခြားနိုင်ငံတွေကိုသွားဖို့ စင်ကာပူနိုင်ငံကို လှေကားထစ်သဖွယ် အသုံးချနေတယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်ကောင်းပါတယ်
စစ်တမ်းဖြေကြားသူ ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) နိုင်ငံခြားသား ပညာရှင်တွေဟာ လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ၆၂ ဒသမ ၅ ရာခိုင်နှုန်းလောက်သော စစ်တမ်းဖြေကြားသူတွေက နိုင်ငံခြားသားပညာရှင်တွေဟာ စင်ကာပူနိုင်ငံရဲ့ တိုးတက်မှုတွေကို စင်ကာပူနိုင်ငံသားတွေလိုပဲ ဆောင်ကြဉ်းတယ်လို့ ဖြေကြားခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ စင်ကာပူနိုင်ငံသားတွေက နိုင်ငံခြားသား ပညာရှင်တွေဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်ဆိုတာ နားလည်ထားကြပါတယ်။ သူတို့ဟာ စင်ကာပူနိုင်ငံကြီးကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေဟာ အခုအချိန်မှာ စင်ကာပူနိုင်ငံအတွက် တိုက်ရိုက် အချိုးကျချင်မှ ကျနိုင်မှာဖြစ်သော်လည်း နောင်ဖွံ့ဖြိုးတိုးတက်လာမယ့် အနေအထားနဲ့ဆို ဖြစ်နိုင်ကောင်းပါတယ်။
အကျိုးသက်ရောက်မှုရှိ
နိုင်ငံခြားသားပညာရှင်တွေ များပြားခြင်းဟာ နိုင်ငံတိုးတက်သည် မှန်သော်လည်း တစ်ဖက်ကလည်း သူတို့တွေ ဘယ်အချိန် နိုင်ငံမှ ထွက်ခွာသွား မလဲဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်နေရပါတယ်။ အဲဒါက လူမှုရေးဆိုင်ရာ စည်းလုံးညီညွတ်မှုကို လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေဟာ စင်ကာပူနိုင်ငံထဲကိုလာတဲ့ အကြောင်းတရားတွေ အမျိုးမျိုးရှိပါတယ်။ သူတို့ကို အမျိုးအစား အားဖြင့် အဓိကအုပ်စုကြီး လေးစုခွဲခြားနိုင်ပါတယ်။ ပထမအုပ်စုကတော့ အစီအစဉ်တကျ နေထိုင်သူတွေ (၃၁ ဒသမ ၆ ရာခိုင်နှုန်း)၊ အောင်မြင်အောင် လုပ်ဆောင်နေထိုင်သူတွေ (၂၉ ဒသမ ၁ ) ရာခိုင်နှုန်း၊ ဟိုကူးဒီကူး နေထိုင်သူတွေ (၁၁ ဒသမ ၆) ရာခိုင်နှုန်းနဲ့ ရှာဖွေစူးစမ်းလေ့လာသူတွေ (၂၇ ဒသမ ၇) ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
ဟိုကူးဒီကူးနေထိုင်သူတွေနဲ့ စူးစမ်းရှာဖွေသူတွေဟာ ရည်ရွယ်ချက်မြင့်မားစွာနဲ့ ပြောင်းရွှေ့အခြေချတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ပြောင်းရွှေ့ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ဆိုင်ရာ အဆင့်အတန်းအပေါ် အကျိုး သက်ရောက်မှု ရှိတယ်ဆိုတဲ့ အပြုသဘော ဆောင်တဲ့သူတွေပဲ ဖြစ်ပါတယ်လို့ စစ်တမ်းကောက်ယူသူတွေက ဆိုပါတယ်။
အဆိုးနဲ့အကောင်း ဒွန်တဲ
နိုင်ငံခြားသားပညာရှင်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ရည်ရွယ်ချက်တွေအပေါ် ဒီနေရာမှာ ပြောချင်တာကတော့ စူးစမ်း ရှာဖွေသူတွေဟာ ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေကြား သိသာတဲ့ ခြားနားမှုတွေရှိတယ်လို့ ဆိုပါတယ်။ စူးစမ်းရှာဖွေတဲ့ ပြောင်းရွှေ့အခြေချတဲ့သူတွေအပေါ် လူတိုင်းက အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေတယ်လို့ စစ်တမ်း ကောက်ယူသူ ဒေါက်တာကို့က ပြောပါတယ်။
တခြားနိုင်ငံတစ်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်တဲ့သူတွေကို သိပ်မကြာခဏ တွေ့ရလေ့ရှိသလို အချိန်တိုင်းလည်း တွေ့ရလေ့ ရှိတယ်လို့ ငါးယောက်မှာ တစ်ယောက် (၁၈ ဒသမ ၃) ရာခိုင်နှုန်းသော ဖြေကြားတဲ့သူတွေက ဖြေကြားခဲ့ပါတယ်။ အဲဒီလိုမျိုး ပမာဏဟာ လွန်ခဲ့တဲ့၂၀၁၀ ခုနှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုပါက ၂ ဒသမ ၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းနေထိုင်မှု
အစိုးရမူဝါဒတွေဟာ ငယ်ရွယ်တဲ့စင်ကာပူလူမျိုးတွေအတွက် နေထိုင်ဖို့တကယ့်ကို ကောင်းမွန်လှပါတယ်။ အထူးသဖြင့် ပညာရေး အခွင့်အလမ်းတွေ၊ နိုင်ငံရေးတည်ငြိမ်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အိမ်ရာတွေအတွက် အထူးအခွင့် အလမ်းတွေရှိနေတယ်လို့ ဒေါက်တာကို့က ပြောပါတယ်။
တခြားတစ်ဖက်ကကြည့်ရင် သုံးပုံပုံတစ်ပုံနီးပါး (၂၉ ဒသမ ၂ ) ရာခိုင်နှုန်း ဟာ လာမယ့်ငါးနှစ်အတွင်းမှာ နိုင်ငံခြား ကိုထွက်ခွာပြီး အခြေချ နေထိုင်နိုင်ခြေအပေါ် လုံးဝကို သဘောတူကြတာကေို တွ့ရပါတယ်။ ပညာရေးအဆင့်အတန်း မြင့်မားစွာရှိခြင်း၊ အင်္ဂလိပ်ဘာသာ စကားပြောတတ်ခြင်းနှင့် ပတ်သက်ပြီး အသက်ကြီးဖြေကြားသူတွေနဲ့ ယောကျာ်းတွေကတော့ သူတို့ဟာ ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုပြုလုပ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ကျေနပ်မှုရှိ
ငယ်ရွယ်တဲ့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံမှာ အဓိကအခြေကျနေရ တဲ့အကြောင်းကတော့ မိသားစုဝင်တွေရှိခြင်း၊ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုံခြုံရေး ကောင်းကောင်းရှိခြင်း၊ သူငယ်ချင်းတွေ ရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံသားတွေ အတွက်ကတော့ ဩစတြေးလျနိုင်ငံဟာ သူတို့ရွှေ့ပြောင်းသွားလာဖို့ အကောင်းဆုံ နိုင်ငံတစ်ခု ဖြစ်တယ်လို့ ၃၅ ဒသမ ၆ ရာ ခိုင်နှုန်းသော ဖြေကြားသူတွေက ဆိုပါတယ်။ ပြီးတော့လည်း နယူးဇီလန်၊ အမေရိကန် ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံတို့ကိုလည်း သဘောကျကြတယ်လို့ ဆိုပါတယ်။
စင်ကာပူဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ ဘဝကျေနပ်မှု အဆင့်အတန်းတွေမှာ အများအပြား တိုးတက်မှုရှိတယ်လို့ ဒေါက်တာကို့က ဆိုပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအခြေချသူတွေဟာ အခြားနိုင်ငံမှာထက် စင်ကာပူနိုင်ငံမှာ နိုင်ငံသားဖြစ်ရတာကို ပိုပြီးသဘောကျတယ်လို့ ဆိုပါတယ်။ ၅၈ ရာခိုင်နှုန်းသော စစ်တမ်းပါဝင်ဖြေကြားသူတွေဟာ စင်ကာပူနိုင်ငံမှာနေရတာ ကျေနပ်မှုရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
စင်ကာပူနိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်းမှာ စီးပွားရေး တစ်ဟုန်ထိုးတိုးတက်မယ်လို့ အဲလိုတိုးတက်လာတဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ နိုင်ငံသားတိုင်း ရရှိခံစားနိုင်မယ့် အခြေအနေတစ်ရပ်ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါ တယ်။
ကိုးကား-ချန်နယ်နယူးအေးရှ