မနီလာ   မတ်   ၉

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုအရ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သီတင်းတစ်ပတ်လျှင် လေးရက်သာ အလုပ်လုပ်ကိုင်ရန် သတ်မှတ်လိုက်ကြောင်း သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားသည်။

အဆိုပါ ပဋိပက္ခ၏ စီးပွားရေးဆိုင်ရာထိခိုက်မှုများကို   သက်သာစေရေးအတွက် ဆောင်ရွက်သည့်အနေဖြင့်   အစိုးရရုံးများတွင် ၎င်းသတ်မှတ်ချက်ကို  မတ် ၉ရက် မှစတင်၍  အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတမားကို့စ်က ပြောကြားသည်။  ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းများကို ပြည်တွင်းသို့ အများဆုံးတင်သွင်းနေပြီး  နိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာလည်း  လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရာတွင်  လောင်စာဆီကို အားပြုသုံးစွဲနေရသည်။

ယင်းပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင် သွားရောက်အလုပ်လုပ်နေသည့် ဖိလစ်ပိုင်နိုင်ငံသား နှစ်သန်းကျော်၏ အလုပ်တည်မြဲရေးနှင့် လုံခြုံရေးအတွက်  ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း  သိရသည်။

အစိုးရဌာနများအနေဖြင့် လောင်စာဆီနှင့် လျှပ်စစ်သုံးစွဲခြင်းကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချရန် ၎င်းကညွှန်ကြားခဲ့သည်။ ရေနံစိမ်းဈေးနှုန်း ဆက်လက်မြင့်တက်လာပါက ရေနံထွက်ထုတ်ကုန်များအပေါ်တွင်  အခွန်လျှော့ချသည့် လုပ်ပိုင်ခွင့်ကို မိမိအားအပ်နှင်းရန်နှင့် လောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်သက်သာစေရေးအတွက် သမားရိုးကျလောင်စာဆီကို  ဇီဝလောင်စာဆီနှင့် ရောစပ်သုံးစွဲခွင့်ပြုရေးအတွက် ဇီဝလောင်စာဆိုင်ရာဥပဒေကို ပြင်ဆင်ခွင့်ပြုရန် သမ္မတက ကွန်ဂရက်အား ပန်ကြားခဲ့သည်။   

ယခုဖြစ်ပွားသည့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းကဏ္ဍအားလုံးကို လောင်စာဆီထောက်ပံ့ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။  သီတင်းတစ်ပတ်လျှင် လေးရက်သာလုပ်ငန်း ဆောင်ရွက်ရသည့် သတ်မှတ်ချက်သည် ယာယီသာဖြစ်ပြီး ၎င်းသတ်မှတ်ချက်တွင် မီးသတ်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ အကျုံးမဝင်ကြောင်း သိရသည်။

ကိုးကား - VN Express

ဘာသာပြန် - စိုးသူရ