ကွာလာလမ်ပူ မတ် ၉
မလေးရှားနိုင်ငံတွင် နိုင်ငံအတွင်း အဝလွန်သူဦးရေများပြားလာခြင်းကို ထိန်းချုပ်ရန်အတွက် အားကစားရုံများ ပိုမိုဖွင့်လှစ်နိုင်ရန် အားကစားရုံများ၏ လိုင်စင်ကြေးကို ၈၀ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက်မှစတင်၍ အကျိုးသက်ရောက်မှုရှိသည့် ၎င်းသတ်မှတ်ချက်အရ အားကစားရုံဖွင့်လှစ်မည့်နေရာ အကျယ်အဝန်း တစ်စတုရန်းမီတာအတွက် ၁၀ ရင်းဂစ်သာ ပေးဆောင်ရမည်ဖြစ်သည်။ ယခင်က နှစ်စဉ်လိုင်စင်ကြေး ရင်းဂစ် ၅၀၀၀ ပေးဆောင်ရသော်လည်း လက်ရှိအချိန်တွင် ရင်းဂစ် ၁၀၀၀ သာ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖယ်ဒရယ်နယ်မြေများဆိုင်ရာ ဝန်ကြီး ဟာနတ်ရိုးက ပြောကြား သည်။
နိုင်ငံအတွင်း ၂၀၂၄ ခုနှစ်တွင် အရွယ်ရောက်ပြီးသူများ၏ ၅၂ ဒသမ ၁ ရာခိုင်နှုန်းသည် အဝလွန်ခြင်းကို ခံစားနေရကြောင်း စစ်တမ်းအရ သိရသည်။ နိုင်ငံအတွင်း အမျိုးသားဦးရေ ၁၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ ၂၀ ဒသမ ၉ ရာခိုင်နှုန်းသည် အဝလွန်ခြင်းကို ခံစားနေရကြောင်း သိရသည်။ ယခုကဲ့သို့ အားကစားရုံများ၏ ကုန်ကျစရိတ်ကို လျှော့ချလိုက်ခြင်းဖြင့် အားကစားရုံများတွင် ဝန်ဆောင်မှုများ ကောင်းလာမည်ဖြစ်ကာ နိုင်ငံသားများအတွက် ကိုယ်လက်လေ့ကျင့်ခန်းများ ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဝလွန်သူများသည် သာမန်လူများထက် ရောဂါပိုမိုခံစားရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - VN Express
ဘာသာပြန် - စိုးသူရ


