ပဲခူး   မတ်   ၉

၂၀၂၆   ခုနှစ်   ပဲခူးတိုင်း‌ဒေသကြီး    နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   ပဲခူးမြို့  ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး    မိုးလုံ‌လေလုံအားကစားခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက်  နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေရာသီအခြေခံအားကစားသင်တန်းမှ အစပြုပြီး ဗီဇရင့်သန်သည့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာနိုင်စေရေးနှင့်   ကျောင်းသား  ကျောင်းသူများ နွေရာသီအားလပ်ရက်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာနိုင်စေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို  နိုင်ငံတော်အတွက်  တန်ဖိုးရှိသော လူတော်လူကောင်းများဖြစ်လာစေရန် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး   အားပေးပံ့ပိုးပေးသွားစေလိုကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းမှ ရရှိလာသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကိုအခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကာ တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်သည်အထိ  လေ့ကျင့်၊ လေ့လာကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ကရာတေးအားကစားနည်း၊ မြန်မာ့သိုင်းအားကစားနည်းနှင့် Fitness Dance အားကစားနည်းတို့ဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က   အားကစားနည်းအလိုက် သရုပ်ပြသခဲ့သည့် အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့၏   ဦးဆောင်မှုဖြင့်  ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင်  ဘောလုံး၊  အေရိုးဗစ်၊ Fitness Dance၊ ကရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊  ကြက်တောင်  စသည့်  အားကစားနည်း ကိုးမျိုးကို  ပဲခူးမြို့ရှိ  ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၊   တိုင်းဒေသကြီး  လူငယ်စင်တာ၊ တိုင်းဒေသကြီး အားကစားခန်းမ၊ ပုဏ္ဏားစုကျောင်းနှင့် ဟင်္သာတင်းနစ်ကွင်း စသည့်နေရာများ၌ မတ် ၉ ရက် မှ  ၃၀ ရက်အထိ   ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)