နေပြည်တော် မတ် ၁၀
အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် အောင်မြင်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား စာအောင်လက်မှတ်၊ စာအောင်ဆုအလှူငွေ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး၏ ဗုဒ္ဓသာသနာ့ဗိမာန်တော်၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာသန အမှူးပြုသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဩဝါဒါစရိယ လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စာအောင်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆု အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် စုစုပေါင်း ၇၄ ပါးတို့အား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


