ပဲခူး မတ် ၁၀
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ မတ် ၁၀ ရက် နံနက်ပိုင်းက ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးမြို့နယ်အတွင်း ၂၅ ပါးနှင့်အထက် သီလရှင်စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်စန္ဒာထွေးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များက ပဲခူးတိုင်းဒေသကြီး သီလရှင်အဖွဲ့ဥက္ကဋ္ဌ ပဲခူးမြို့ လိပ်ပြာကန် သီလရှင်စာသင်တိုက် ပဓာနနာယကဆရာကြီး ဒေါ်ဝိမလစာရီနှင့် သီလရှင်ဆရာကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း ကြသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ ယနေ့လှူဒါန်းမှုပြုလုပ်ရာတွင် ပဲခူးမြို့နယ်အတွင်း သီလရှင် ၂၅ ပါး နှင့်အထက်ရှိ ကျောင်းတိုက်ပေါင်း ၁၈ ကျောင်းမှ သီလရှင် ၁၄၉၂ ပါးတို့အား တစ်ပါးလျှင် ဆွမ်းဆန် ၁၂ ပြည်၊ ဆီ၊ နဝကမ္မဝတ္ထု စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၅၇၀ ကျော်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


