အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ  အက်ဖ်အေဖလားကို  (၁၄)ကြိမ်ဆွတ်ခူးထားတဲ့ အာဆင်နယ်အသင်းက ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိဖလားလေးလုံး  လမ်းကြောင်းပေါ်မှာရှိနေတဲ့  အာဆင်နယ်အသင်းဟာ   ချန်ပီယံရှစ်မှာ    အမှတ်ပေးဇယားအဆင့်(၈)နေရာမှာ ရပ်တည်နေတဲ့  ဆောက်သမ်တန်အသင်းနဲ့  တွေ့ဆုံနေတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။

အခြားသော  အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ  မန်စီးတီးအသင်းက လီဗာပူးအသင်းကို  အိမ်ကွင်းအီတီဟက်ဒ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မှာ အသင်းကြီးနှစ်သင်းတွေ့ဆုံတဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။

လိဂ်ဝမ်းကလပ် ပို့ဗေးလ်အသင်းကတော့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းကို  သွားရောက်ကစားရမှာဖြစ်ပြီး ပို့ဗေးလ်အသင်းဟာ  အခုပြိုင်ပွဲမှာ အဆင့်အနိမ့်ဆုံးအသင်းလည်း ဖြစ်ပါတယ်။

ပို့ဗေးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ၁၉၂၉  ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းကတော့  ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဟာ   အက်ဖ်အေဖလားပဉ္စမအဆင့်မှာ ဘရန်းဖို့ဒ်အသင်းနဲ့ ကစားခဲ့ရာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ အနိုင်ရပြီး  အက်ဖ်အေဖလား  ကွာတားဖိုင်နယ် တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမဲခွဲဆုံးဖြတ်ခဲ့တဲ့  အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေကိုတော့ ဧပြီ ၄ ရက်နဲ့ ၅ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။

ငွေကြယ်