မြစ်ကြီးနား မတ် ၁၀

 

ကချင်ပြည်နယ်အတွင်း တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လွှတ်တော်အစည်းအဝေး ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွှတ်တော်ရုံးအတွင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ လွှတ်တော်ရုံး၌ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ကြို/ ပို့ ယာဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လွှတ်တော် ကိုယ်စားလှယ်များ သတင်းပို့လက်ခံမည့် အခြေအနေ၊ လွှတ်တော်ခန်းမအတွင်း ပထမပုံမှန်အစည်းအဝေးအတွက် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ ရုပ်သံရိုက်ကူးရေး အစီအစဉ်များအတွက် ပြင်ဆင်ထားရှိမှု၊ လွှတ်တော်ရေးရာကော်မတီရုံးခန်းများနှင့် အစည်းအဝေးခန်းများ ဆောင်ရွက်ထားရှိမှု၊ ရုံးအဖွဲ့များက ဌာနစုအလိုက် လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှု၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရုံးခန်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ Banque Hall ၌ လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်လုပ်ငန်းစဉ် ရှင်းလင်းပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေး အိပ်ခန်းများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် လွှတ်တော်ရုံးနှင့် ကပ်လျက်တွင် တည်ဆောက်လျက်ရှိသည့် ပြည်နယ်တရား လွှတ်တော်ရုံး RC လေးထပ်အဆောက်အအုံသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးရမည့် အောက်ခြေဖောင်ဒေးရှင်းလုပ်ငန်းများ အပိုင်းလိုက် အပြီးသတ်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် ပြီးစီးရမည့် အတိုင်းအတာများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)