ရန်ကုန် မတ် ၁၀
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၂၁ ဒုတိယနေ့ကို ယနေ့တွင် သန်လျင်သီဟဒီပကွင်း၌ ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
MNL ခေတ်ဦးကာလတွင် ချန်ပီယံဆုအပြိုင်အဆိုင်ရယူပြီး အပြိုင်ဖြစ်ခဲ့သည့် ချန်ပီယံဟောင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး ရတနာပုံအသင်း၏ ကစားသမားအင်အားမှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် များစွာကွာဟသွားပြီဖြစ်သော်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း နှစ်ဂိုးပြန်ပေးရသဖြင့် နောက်မှ လိုက်ကစားရပြီး နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့ကာ ချန်ပီယံဆု မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့သည်။
အနိုင်ဂိုးသွင်းယူ
နှစ်သင်းစလုံး အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစ တစ်မိနစ်မှာပင် ကောင်းစည်သူက ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ သို့သော် ပထမပိုင်းပြီးခါနီးတွင် နေဦးလွင်က ရတနာပုံအသင်းအတွက် ချေပဂိုးပြန်သွင်းပြီး ၆၅ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် ပြည်မိုးက ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုး ပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက ကစားသမားများပြောင်းလဲကာ ချေပဂိုးရရန် တိုက်စစ်မြှင့်ခဲ့ပြီး ၈၉ မိနစ်တွင် မျိုးဆက်ပိုင်က ချေပဂိုးနှင့် ၉၀+၄ မိနစ်တွင် ဘလာမိုဝီးက အနိုင်ဂိုး သွင်းယူခဲ့သည်။
ပွဲစဉ်(၂၁) တတိယနေ့ကို မတ် ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ဟံသာဝတီယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်၊ သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံနှင့် Dagon Port အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


