မော်လမြိုင် မတ် ၁၀
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆)ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဒေသအတွင်း အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် တင်ပြလျှောက်ထားလာသည့် ကိစ္စရပ်များအား တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆွေးနွေး စိစစ်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များနှင့်စပ်လျဉ်း၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နစ်နာကြေး၊ လျော်ကြေးပေးဆောင်ရန် တင်ပြလာသည့်ကိစ္စရပ်များ၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုအပေါ် တင်ပြလာသည့် ကိစ္စရပ်များ၊ အခြားသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနပြည်နယ် ဦးစီးမှူး ဦးပံသုကျော်က မွန်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်း၊ နစ်နာကြေး၊ လျော်ကြေးပေးချေနိုင်ရေး ဆောင်ရွက်ထားရှိခြင်း၊ သီးနှံပြောင်းလဲစိုက်ပျိုးခွင့် လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသော ကော်မတီဝင်များနှင့် တာဝန်ရှိသူများက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကိစ္စရပ်များ၊ လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


