လွိုင်ကော် မတ် ၁၀

 

မတ် ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အကြိုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများက “စောင့်ရှောက် ဝိုင်းကူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေး ကာကွယ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် ပညာရေး  ဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများ၏ “ဦးစားပေးမူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး သီဆိုဖျော်ဖြေသည့် အဖွဲ့များအား ဒေသ ကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပြခန်းများကို ကြည့်ရှုကြသည်။

 

ယမန်နေ့ နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှား မှုအဖြစ် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ စိုက်ထူထားသည့် “ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာကို ဖွင့်လှစ်ပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို အထိမ်းအမှတ် စတစ်ကာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)