နေပြည်တော် မတ် ၁၀
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက စာစစ်ဌာနများဖြစ်သည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းတို့၌ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် ကျောင်းတွင်း/ကျောင်းပြင် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထား ရှိမှုများနှင့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့များတွင် စာစစ်ဌာန ၁၁ ခုဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၁၀ စာမေးပွဲဖြေဆိုကြ မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲ ကြီးကြပ် ဆရာ ဆရာမများ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများသို့သွားရောက်ရာတွင် သွားလာမှု အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


