ကိုလံဘို  မတ်  ၁၀

အရှေ့အလယ်ပိုင်း  ဒေသများ၌ ဖြစ်ပွားနေသော  ပဋိပက္ခများနှင့်ဆက်နွှယ်ပြီး   လေကြောင်းလိုင်းအဆင်မပြေဖြစ်ကာ သီရိလင်္ကာနိုင်ငံအတွင်း ပိတ်ပိနေသော နိုင်ငံခြားသားများအား  ၁၄  ရက်ကြာ အခမဲ့ ဗီဇာသက်တမ်းတိုးပေးခြင်းကို သီရိလင်္ကာအစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၁၀  ရက်တွင်  ထုတ်ပြန်ကြေညာထားသည်။

သီရိလင်္ကာနိုင်ငံမှ အရှေ့အလယ်ပိုင်းဒေသများသို့ ပျံသန်းထွက်ခွာမည့် နိုင်ငံတကာလေကြောင်း ခရီးစဉ်အများစုမှာ ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်းတွင်  ဖျက်သိမ်းခဲ့ရကြောင်း၊ ထို့ကြောင့်  အချို့နိုင်ငံခြားခရီးသွားများမှာ စီစဉ်သတ်မှတ်ထားသည့်အတိုင်း ထွက်ခွာနိုင်ခြင်းမရှိသည့်အပြင်  ၎င်းတို့၏  ဗီဇာသက်တမ်းကုန်ဆုံးမည့်  အန္တရာယ်အခြေအနေနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

သီရိလင်္ကာအစိုးရသည် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ အရှေ့အလယ်ပိုင်းဒေသများသို့ ပျံသန်းထွက်ခွာမည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းလိုက်ရသည့် နိုင်ငံခြားခရီးသွားများအား ၁၄ ရက်ကြာ   အခမဲ့ဗီဇာသက်တမ်းတိုးပေးခြင်းကို  ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။

ယင်းကဲ့သို့  လုပ်ဆောင်မှုမှာ အခက်အခဲကြုံတွေ့နေရသော ခရီးသွားများအား သီရိလင်္ကာနိုင်ငံအတွင်း တရားဝင်ဆက်လက်နေထိုင်ပြီး အခြားသော ခရီးသွားအစီအစဉ်များကို ပြင်ဆင်ရန်အတွက် လုံလောက်သော  အချိန်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

သီရိလင်္ကာအစိုးရသည် လေကြောင်းခရီးစဉ်များ  ဖျက်သိမ်းမှုနှင့် ဆက်လက်ကြုံတွေ့နေမည်ဆိုပါက အခကြေးငွေမယူဘဲ နောက်ထပ်  ၁၄  ရက်  ဗီဇာသက်တမ်းတိုးပေးခြင်း ခွင့်ပြုရန် အဆိုပြုချက်ကိုလည်း အတည်ပြုလိုက်ကြောင်း သိရသည်။

ဆင်ဟွာ