မြဝတီ မတ် ၁၀

 

ကရင်ပြည်နယ် မြဝတီမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာနတစ်ခုဖြင့် ကျင်းပမည်ဖြစ်သည်။ အဆိုပါ စာစစ်ဌာနတစ်ခုတွင် စာဖြေခန်း ၁၃ ခန်း ပြင်ဆင်ထားရှိပြီး မြဝတီမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ခုနစ်ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း ၁၄ ကျောင်း မှ ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၃၃၁ ဦး၊ ပြင်ပဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၅၁ ဦး စုစုပေါင်း စာရင်းရှိ ကျောင်းသား ကျောင်းသူ ၃၈၁ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမိုးကျော်ထံမှ သိရသည်။

 

ဆွေးနွေးပို့ချ

 

မြဝတီမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ပြည်နယ် မျှော်မှန်းအောင်ချက် ပြည့်မီရေးအတွက် စာသင်ကျောင်း အသီးသီးတွင် ညစာကြည့်စခန်းများ ဖွင့်လှစ်ထားရှိပြီး စာဖတ်ဝိုင်းများကို ညနေ ၆ နာရီမှ ည ၁၁ နာရီ အထိ စီစဉ်ထားကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘာသာရပ်အလိုက် သင်ခန်းစာများကို ဘားအံတက္ကသိုလ်မှ ပါမောက္ခများက လာရောက် ဆွေးနွေးပို့ချ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလတွင် ကျွမ်းကျင် တတ်မြောက်မှု ဆန်းစစ်ချက်အရ မြဝတီမြို့တွင် အောင်ချက် ၄၁ ရာခိုင်နှုန်းရှိရာ ဘာသာရပ် အားနည်းသည့်  ကျောင်းသားများအတွက် တွေးတောမှု၊ သင်ကြားမှု၊ မျှဝေခြင်းစနစ်ကိုလည်း စီစဉ်ပေးခဲ့ကြောင်းနှင့် အောင်ချက်မြင့်မားရေး၊ ပြည်နယ်မျှော်မှန်း အောင်ချက် ပြည့်မီရေးအတွက် တာဝန်ရှိသူများက ဘက်စုံပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)