နိုင်ရိုဘီ မတ် ၁၀
မြို့တော် နိုင်ရိုဘီအပါအဝင် ဒါဇင်ထက်မနည်းသော ကင်ညာနိုင်ငံ၏ စီရင်စုများတွင် မတ် ၆ ရက်မှစကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် လူ ၄၉ ဦးခန့် သေဆုံးခဲ့ပြီး ဘေးလွတ်ရာသို့ ထောင်ချီပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။
ရေကြီးမှုအန္တရာယ် မြင့်တက်နိုင်သေး
ယခုသီတင်းပတ်တွင် မိုးရွာသွန်းမှုရပ်စဲသွားသော်လည်း မတ်လမှ မေလအထိ မိုးရာသီအချိန်အတွင်း ရေကြီးမှုအန္တရာယ် ဆက်လက်မြင့်တက်နိုင်သေးကြောင်း ကင်ညာမိုးလေဝသဌာနက ပြောသည်။
ကင်ညာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အခြေအနေများတွင် သတိထားရမည့် နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန အစိုးရအဖွဲ့အတွင်းဝန် ဒီဘိုရာ မူလွန်ဂိုဘာရာဆာက ပြောသည်။
သစ်ပင်များ လွှမ်းခြုံစိုက်ပျိုးခြင်း၊ ဦးစားပေးလုပ်ဆောင်ခဲ့
နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်ရည်မြှင့်တင်ရန်အတွက် အစိုးရနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် သစ်ပင်များ လွှမ်းခြုံစိုက်ပျိုးခြင်း၊ စိမ့်မြေများဖော်ထုတ်ခြင်း၊ သန့်ရှင်းသောစွမ်းအင်များ မြှင့်တင်ပေးခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ခဲ့သည်ဟု ၎င်းက ပြောသည်။
ဆင်ဟွာ


