မန္တလေး မတ် ၁၁

 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင်လည်း သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဝင်ရောက် ဖြေဆိုကြသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၅ မြို့နယ်၌ စာစစ်ဌာနပေါင်း ၁၀၈ ခုဖွင့်လှစ်ထားရှိပြီး ဖြေဆိုရန် စာရင်းရှိ ၄၇၅၄၉ ဦးအနက် ပထမ ရက် မြန်မာစာဘာသာရပ်ကို ၄၅၆၃၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၅ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။

 

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက “စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး စင်တာ ခြောက်ခုမှ စာဖြေသူဦးရေ ၃၃၉ ဦးရှိပါတယ်။ စာမေးပွဲဖြေဆို နေတဲ့ကာလအတွင်းမှာ လျှပ်စစ်မီးရရှိဖို့၊ စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ဆောင်ရွက်ထားရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေအားလုံး အေးချမ်းစွာနဲ့ စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အားလုံ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ထားရှိပါတယ်၊ ဒါကြောင့် စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေ စာမေးပွဲကြီး ဖြေဆိုနိုင်ကြပါစေ၊ ကိုယ်မှန်းထားတဲ့ရလဒ်တွေလည်း ရကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် ဟု ပြောသည်။

 

ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၁၀၈ ခုတွင် ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ တာဝန်ချထားပြီး စာဖြေခန်းတစ်ခုတွင် ဖြေဆိုသူဦးရေ ၃၀ ခန့်ထားရှိ ဖြေဆိုစေကြောင်းနှင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးနှင့် မန္တလေးဗဟို အကျဉ်းထောင်တို့တွင်လည်း စာစစ်ဌာနများ ဖွင့်လှစ်ဖြေဆို ခွင့်ပြုထားကြောင်း သိရသည်။

 

အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်နေသည့် ဒေါ်ချောစုလွင်က “ကျွန်မတို့စာစစ်ဌာနမှာ ကျောင်းသား ကျောင်းသူ ၇၈၉ ဦး ဝင်ရောက်ဖြေဆိုကြမှာဖြစ်ပါတယ်။ အခန်းစောင့်ဆရာ ဆရာမအနေနဲ့ ၉၂ ဦး တာဝန်ချထားပါတယ်။ ကျောင်းသား ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်ရပါတယ်။ တိုင်းဒေသကြီးကတာဝန်ရှိသူတွေကလည်း အားလုံးဆောင်ရွက်ပေးပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အခက်အခဲမရှိ ဖြေဆိုနိုင်ပြီး ဂုဏ်ထူးတွေအများကြီးထွက်ကြပါစေလို့ ဆုတောင်းပေးပါတယ် ဟုပြောသည်။

 

 တက္ကသိုလ်ဝင် စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသား‌ မောင်သီဟထွန်းကလည်း “စာမေးပွဲဖြေဆိုဖို့ နည်းနည်းတော့ စိတ်လှုပ်ရှားနေပါတယ်။ စာတွေတော့ ကောင်းကောင်း ကျက်ထားပါတယ်။ ဆရာ ဆရာမတွေကလည်း စာတွေသေချာလေး သင်ကြားပေးခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်လည်း အကောင်းဆုံး ဖြေဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ် ဟုပြောသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသူ မနဒီလှိုင်ထွန်းကလည်း “ကျွန်မတို့ကို ဆရာ ဆရာမတွေက သေချာလေး သင်ကြားပေးခဲ့တဲ့အပြင် ကျွန်မတို့အနေနဲ့လည်း တစ်နေ့စာတစ်နေ့ကို သေချာကျက်မှတ်ခဲ့ပါတယ်။ ဒါကြောင့် အခုတက္ကသိုလ် ဝင်စာ‌မေးပွဲကို ဖြေဆိုရတဲ့အခါမှာလည်း စိတ်အေးချမ်းသာစွာနဲ့ ဆရာ ဆရာမတွေ သင်ကြားပေးထားတဲ့အတိုင်း ကြိုးစားဖြေဆို သွားမှာဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုရှိပေမယ့် တစ်နှစ်လုံးကြိုးစား ခဲ့တာဖြစ်တဲ့အတွက် ယုံကြည်မှု ရှိပါတယ်။ ဂုဏ်ထူးကို ခြောက်ဘာသာအထိ မျှော်မှန်းထားပါ တယ်။ မိဘတွေဖြစ်စေချင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ ဟုပြောသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)