နေပြည်တော် မတ် ၁၁
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနတို့၌ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁ ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး စုစုပေါင်း ၂၆၈၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှု အနေဖြင့် ကျောင်းသား ၁၀၄၂၅၉ ဦး၊ ကျောင်းသူ ၁၅၀၉၆၉ ဦး စုစုပေါင်း ၂၅၅၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမွေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး စုစုပေါင်း ၃၃၆၄ ဦး ဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် (ကြာသပတေးနေ့)တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် (သောကြာနေ့)တွင် သင်္ချာ ဘာသာရပ်၊ မတ် ၁၄ ရက်(စနေနေ့) တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၆ ရက် (တနင်္လာနေ့)တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် (အင်္ဂါနေ့)တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် (တနင်္ဂနွေနေ့) ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ဖြေဆိုလျက်ရှိပြီး မတ် ၁၈ ရက်အထိ ဆက်လက်ဖြေဆို ကြမည်ဖြစ်ကာ မတ် ၁၅ ရက် (တနင်္ဂနွေနေ့)ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆိုမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၏ စကားသံများကိုလည်း အခုလိုကြားသိရပါတယ်-
၁။ ကျွန်တော်တို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ စာစစ်ဌာန(၂)မှာ ရောက်ရှိပြီးတော့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာဖြေဆို နိုင်ရေးအတွက် လိုက်လံကြီးကြပ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာ ဖြေဆိုသူ ၄၈၆ ဦး ရှိပါတယ်။ ဗဟန်းမြို့နယ်မှာ စာစစ်ဌာနနှစ်ခု ရှိပါတယ်။ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းနဲ့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊ ဒါက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း ဖြစ်ပါတယ်။ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှာလည်း ၂၈၈ ဦး စာမေးပွဲဖြေပါတယ်။ အားလုံး ပေါင်း ၇၇၄ ဦး စာမေးပွဲဖြေကြပါ တယ်။ ဒီနေ့ဟာ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ဖြစ်တဲ့အတွက် ၁၇ ရက်အထိ အားလုံး အေးအေးချမ်းချမ်း ဖြေဆိုနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့တွေ၊ လုံခြုံရေးအဖွဲ့တွေ၊ ပရဟိတအဖွဲ့ တွေနဲ့ပေါင်းပြီးတော့ ကလေးတွေ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင် ရေးအတွက် စီမံဆောင်ရွက်ထား ပါတယ်။ နေ့တိုင်းလည်း ဒီလို ဆောင်ရွက်ပြီးတော့ ပြီးတဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲကို ကလေးတွေ အေးချမ်းသာယာစွာ ဖြေဆိုနိုင်တဲ့အတွက် နောင်အနာဂတ်မှာ ကလေးတွေရဲ့ ပညာရည်ထူးချွန်မှုကို ရရှိခံစား ရမှာဖြစ်ပါတယ်။
၂။ ကျွန်မအခုဖြေဆိုခဲ့တဲ့ မြန်မာစာကို အေးအေးဆေးဆေးနဲ့ အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တယ်။ တစ်နေ့စာတစ်နေ့ လုပ်တယ်။ ကျောင်းကသင်တဲ့စာကို ညနေ ကျရင်ပြန်လုပ်တယ်။ ဒီလိုနဲ့ပဲ တစ်နှစ်ပတ်လုံး ကြိုးစားလာတာပါ။ တနှစ်ပတ်လုံး ကြိုးစားလာခဲ့တဲ့အရာမှန်သမျှ သုံးနာရီ အတွင်းမှာ ကျွန်မအောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ စာမေးပွဲပြီးသွားရင်တော့ ကိုယ်ရတဲ့ အမှတ်နဲ့ညီတဲ့ တက္ကသိုလ်တက်ဖို့ အစီအစဉ်ရှိပါတယ်။
၃။ မြန်မာစာကို ဒီနေ့အတွက် အကောင်းဆုံး ကြိုးစားပြီးတော့ ဖြေဆိုခဲ့တယ်။ အကောင်းဆုံး အမှတ်တွေရမယ်လို့လည်း မျှော်လင့်မိပါတယ်။ အစကတည်းကလည်း သေသေချာချာ နေ့စဉ် နေ့တိုင်း မပျက်မကွက်ဘဲ စာတွေကို သေချာလုပ်ခဲ့တာဖြစ်တဲ့ အတွက်ကြောင့် အခုအချိန်မှာလည်း စာမေးပွဲနီးလာလို့ အခက်အခဲလည်းမရှိဘဲ လွယ်လွယ်ကူကူနဲ့ စာကြည့်နိုင်ခဲ့တယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားပေးတဲ့ ကျေးဇူးကိုလည်းသိတဲ့အနေနဲ့ ပုံမှန်စာကြည့်ခဲ့တဲ့ အတွက်ကြောင့် လွယ်လွယ်ကူကူနဲ့ အခက်အခဲမရှိဘဲ ဖြေကြား နိုင်ခဲ့ပါတယ်။ လေ့လာခဲ့တဲ့ ဘာသာရပ်တိုင်းကတော့ အားလုံးနီးပါးကတော့ ခက်ခဲတယ်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွယ်ကူတာလည်း ဖြစ်နိုင်ပါတယ်။ အားလုံးက မိမိရဲ့ကြိုးစားမှုအပေါ်မှာ မူတည်တယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ စာမေးပွဲကြီး ပြီးသွားလို့ရှိရင်တော့ စာမေးပွဲရလဒ်အပေါ်မှာ မူတည်ပြီးတော့ မိမိတက်ရောက်နိုင်တဲ့ တက္ကသိုလ်ကိုပဲ ဆက်လက်လျှောက်ထားပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ မျှော်လင့်ထားပါတယ်။
သတင်းစဉ်


