နေပြည်တော် မတ် ၁၁

 

ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)ရရှိသော သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သားဖွားသင်တန်းကျောင်း ဘက်စုံသုံးခန်းမကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ်တိုးမြှင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ယခု အလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မိမိတို့အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ ကြစေလိုကြောင်း၊ ပြည်သူလူထုမှ မိမိတို့ (profession) ကို အားကိုးယုံကြည်မှုရရှိအောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် သူနာပြုများ ရာထူးအဆင့်အလိုက် လစာနှုန်းထား တိုးမြှင့်နိုင်ရေးနှင့် ထပ်ဆောင်းချီးမြှင့်ငွေများ လစဉ်ခံစားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သူနာပြုသင်တန်း ကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ‌‌‌‌ဒေါ်နွဲ့နွဲ့ခင်က သူနာပြုစုမှုဆိုင်ရာ အတတ်ပညာများကိုအခြေခံပြီး လူနာများကို Nursing Care Standard များနှင့်အညီ ပြုစုစောင့်ရှောက်ပေးပြီး သူနာပြုအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် Nursing Professional ၏အကျိုး၊ ပြည်သူလူထုအကျိုးကို ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ရရှိသည့် သူနာပြုတက္ကသိုလ် (ရန်ကုန်) နှင့် သူနာပြုတက္ကသိုလ် (မန္တလေး)တို့မှ သူနာပြုများ ကိုယ်စားသစ်လွင် သူနာပြုနှစ်ဦးတို့အား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့်ခန့်အပ်လွှာများ ပေးအပ်သည်။

 

ယနေ့တွင် သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)ရရှိသည့် သူနာပြုတက္ကသိုလ် (ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ် (မန္တလေး)တို့မှ သစ်လွင်သူနာပြု ၄၅၁ ဦးတို့ကို ခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ယနေ့ထိ ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု(သိပ္ပံ)ဘွဲ့ရ သစ်လွင်သူနာပြု ၈၉၈ ဦး၊ သူနာပြုဒီပလိုမာ သစ်လွင်သူနာပြု ၅၈၉၃ ဦး၊ သစ်လွင်သားဖွားဆရာမ ၁၅၅၄ ဦးခန့်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် မေလတွင် သူနာပြုဒီပလိုမာ (၃)နှစ် သင်တန်းဆင်းမည့် သင်တန်းသား သင်တန်းသူ ၁၄၅၃ ဦးတို့အား သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်