ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အလုံမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒလမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင် စာစစ်ဌာနများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်၊ စာမေးပွဲစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရန်၊ လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန် လိုကြောင်းနှင့် အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် အခြေခံပညာကျောင်းများမှ စာစစ်ဌာန ၁၀၇ ခု ၌ ကျောင်းသား ကျောင်းသူ ၄၉၂၅၆ ဦး စာရင်းပေးသွင်းထားပြီး (ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၄၆၈၈၉ ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများမှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန လေးခု၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထူးပြုကျောင်းသား ကျောင်းသူ ၄၀၂ ဦး စာရင်းပေးသွင်းထားပြီး (ပထမနေ့) မြန်မာစာ ဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၄၀၂ ဦး ဝင်ရောက် ဖြေဆိုကြကာ ဖြေဆိုမှုရာခိုင်နှုန်း ပြည့်ရှိကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်း/ အပြင်တွင် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


