နေပြည်တော်   မတ်   ၁၁

ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်  နည်းပညာရပ်များကို  အသုံးပြုပြီး  ပြည်တွင်း၊  ပြည်ပခရီးသွားဧည့်သည်များ   ပိုမိုတိုးတက်ဝင်ရောက်လာရေး၊ ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး၊ ခရီးသွားများသွားလာလည်ပတ်ရာတွင်  အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာ့ခရီးသွားလုပ်ငန်းသတင်းအချက်အလက်ဖြေကြားမှုစနစ်၊ ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်စနစ်၊ မြန်မာ့ခရီးသွားလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှု စနစ်များ လွှင့်တင်ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  Jeng  Phang နော်တောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊  အမြဲတမ်းအတွင်းဝန်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ  အမြဲတမ်းအတွင်းဝန်များနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ တာဝန်ယူဆောင်ရွက်သော  နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နယ်ရုံးခွဲ များမှ  ရုံးခွဲတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးက  ယနေ့လွှင့်တင်သောစနစ်များ  အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်အစိုးရက  ရေးဆွဲချမှတ်ထားသော Myanmar E-Governance Master Plan ပါ အဓိက ရည်ရွယ်ချက်များဖြစ်သည့်  နိုင်ငံသားများနှင့်ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးခြင်းဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများ စွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊   ပြည်သူ့ဝန်ဆောင်မှုများကို ထိရောက်စွာပေးအပ်နိုင်ရေးအတွက် Digital Government အား ဦးတည်ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများ နိုင်ငံတစ်ဝန်းလက်လှမ်းမီမှုကို မြှင့်တင်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်း၏ အရည်အသွေးနှင့် လူမှုစီးပွားဘဝကို မြှင့်တင်ပေးရန်၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအား  ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်ဆိုသည့်  အချက်များကို  လက်တွေ့ကျကျ  အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

ယနေ့စနစ်များ လွှင့်တင်ခြင်းအစီအစဉ်သည် ဝန်ကြီးဌာန၏  ဒစ်ဂျစ်တယ်အသွင်  ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင်  အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုစနစ်များကို အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်စေရေးတို့အတွက် ယနေ့တက်ရောက်လာကြသူများ အားလုံးဝိုင်းဝန်းလက်တွဲပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် စနစ်များလွှင့်တင်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စနစ်များအသုံးပြုမှုပုံစံများ ရှင်းလင်းဖော်ပြသည့် Video Clip ကို ပြသပြီး တာဝန်ရှိသူများက စနစ်များနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊  ရရှိမည့်အကျိုးကျေးဇူးများကို    အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက လွှင့်တင်ထားရှိ သောစနစ်များမှ ဝန်ဆောင်မှုပေးမည့်လုပ်ငန်းစဉ် အဆင့်ဆင့်လက်တွေ့စမ်းသပ်ပြသခြင်းကို ကြည့်ရှုခဲ့ကြောင်း သိရသည်။                             

သတင်းစဉ်