နေပြည်တော်   မတ်   ၁၁

အိန္ဒိယ-မြန်မာ  တပ်မတော်နှစ်ရပ်အကြား  ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲကို  မတ်  ၁၀ ရက်  နံနက်ပိုင်းက  နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ  စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့်  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)တို့မှ တပ်မတော်အရာရှိကြီးများနှင့် အိန္ဒိယတပ်မတော် ဂေါက်သီးရိုက်အသင်းခေါင်းဆောင် Gp Capt   Anish Sharma  ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက  တီခုံ(အမှတ်-၁) ၌ ပြိုင်ပွဲအထိမ်းအမှတ် Smoke Ball ရိုက်၍  ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ပြိုင်ပွဲကို မတ် ၁၀  ရက်နှင့်   ၁၁  ရက်တို့တွင် မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌  ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး ယနေ့ ညနေပိုင်းတွင်  ရေပြာဂေါက်ကွင်း၌  ဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနား  ကျင်းပသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် အကြီးတန်း တစ်ဦးချင်း၊ အငယ်တန်း တစ်ဦးချင်း၊ အသင်းလိုက် အကြီးတန်း၊ အငယ်တန်းပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု ရရှိသူများအား   တာဝန်ရှိသူများက ဆုများပေးအပ်သည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး‌ ဇော်ဟိန်းနှင့်  အိန္ဒိယတပ်မတော် ဂေါက်သီးရိုက်အသင်းခေါင်းဆောင်  Gp  Capt   Anish Sharma တို့က  အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အိန္ဒိယ-မြန်မာ  တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဂေါက်သီးရိုက်ပြိုင်ပွဲသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့်  အပြန်အလှန်လေးစားယုံကြည်မှုကို  တိုးတက်စေမည်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့်  အိန္ဒိယတပ်မတော်အကြား ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။    

သတင်းစဉ်