အဒစ္စအဘာဘာ မတ် ၁၁
အာဖရိကတွင် လူပေါင်းသန်း ၃၀၀ နီးပါးမှာ အစားအသောက်မလုံ လောက်မှုပြဿနာနှင့်ကြုံတွေ့နေရသည်။ အာဖရိကတစ်ဝန်း ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ကို အမြစ်ဖြတ်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်ကြရန် အာဖရိကသမဂ္ဂအဆင့်မြင့်အရာရှိတစ်ဦးက မတ် ၁၀ ရက်တွင် ပြောသည်။
စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရေသယံဇာတများကို ကာကွယ်ထိန်းသိမ်းပြီး စီးပွားရေး အကျိုးရှိအောင် ဆောင်ရွက်ခြင်း၊ ပင်လယ်ရေကြောင်းအခြေပြုစီးပွားရေးနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဖရိကသမဂ္ဂကော်မရှင်နာ မို့ဆက်ဗီလခါတီက အီသီယိုးပီးယားနိုင်ငံမြို့တော် အဒစ္စအဘာဘာမြို့ရှိ အာဖရိကသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု ညွှန်းကိန်း စတင်ကျင်းပသည့်အခမ်းအနားတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ အာဖရိကနိုင်ငံများသည် ပြည့်စုံသော အာဖရိကစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(CAADP) ကို အကောင်အထည်ဖော်ရာတွင် နောက်ကျကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၂၅ ခုနှစ် ကုလသမဂ္ဂ၏ အစားအသောက်နှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ အစီရင်ခံစာအရ အာဖရိကတိုက်တွင် လူဦးရေ သန်း ၃၀၀ နီးပါးမှာ အစားအသောက်မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည်။ ယင်းပမာဏသည် CAADP ၏ နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မှုနှင့်ကိုက်ညီနေပြီး ၂၀၂၅ ခုနှစ်တွင် ဆာလောင်ငတ်မွတ်မှုပပျောက်ရေး ပန်းတိုင်သို့ ရောက်ရှိရန် မည်သည့်အဖွဲ့ဝင်နိုင်ငံမျှ လျာထားချက်အတိုင်း ပြည့်မီအောင်လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
အာဖရိကတိုက်သည် စားနပ်ရိက္ခာတင်သွင်းမှုအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ အထိ သုံးစွဲနေရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ မူဝါဒဆိုင်ရာပြောင်းလဲမှုများ၊ နည်းစနစ်ကျသည့် ရင်းနှီးမြှုပ်နှံမှုများနှင့်တာဝန်ခံမှုရှိသည့် ယန္တရားများ တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ဆာလောင်မွတ်သိပ်မှု ကင်းစင်ရေးပန်းတိုင်ကို ပြန်လည်ကတိပြုရန် အာဖရိကအစိုးရများကို ဗီလခါတီက တောင်းဆိုခဲ့သည်။
ဆင်ဟွာ


