ရန်ကုန် မတ် ၁၂
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (ဗဟို)၏ လစဉ်ပုံမှန် အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆) ကို မတ် ၁၂ ရက် မွန်းတည့် ၁၂ နာရီတွင် အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း (ရဲချုပ် - ငြိမ်း)က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေး၌ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျေးဇူးတင်ထိုက်သူကို ကျေးဇူးပြုခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည့် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်အညီ ကတညုတ ကတဒေဝီဆိုသည့်အတိုင်း ဂုဏ်ပြုထိုက်သူ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် သုံးဦးအား ဂုဏ်ပြုမှတ်တမ်းတင်ရန် စီစဉ်ထားပါကြောင်း၊ ဂုဏ်ပြုရမည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ပုဂ္ဂိုလ်များမှာ စာရင်းစစ် ဦးတင်ထွဋ်၊ ပြန်ကြားရေး တာဝန်ခံ ဒေါက်တာတင်အောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် လူမှုထူးချွန်တတိယအဆင့် ယာယီအတွင်းရေးမှူး ဦးသန်းဆင့်တို့ ဖြစ်ပါကြောင်း၊ ၎င်းတို့သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) ၏ လမ်းညွှန်ချက်များ၊ အချိန်အကန့်အသတ်ဖြင့် တာဝန်ပေးညွှန်ကြားမှုများကို အချိန်နှင့်တစ်ပြေးညီ လစ်ဟင်းပျက်ကွက်မှုများ မရှိစေဘဲ သက်ဆိုင်ရာရုံး / ဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းကြောင့် လုပ်ငန်းကိစ္စအဝဝ အောင်မြင်ပြီး မြောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယနေ့အခမ်းအနားတွင် ဂုဏ်ပြုချီးကျူးခြင်းဖြစ်ပါကြောင်း ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ တစ်ဦးချင်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


