နေပြည်တော် မတ် ၁၂

 

မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်း ရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်/ယန္တရားများအား မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ Hybrid mode ဖြင့် ကျင်းပသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ကိုယ်တိုင်တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်သည်။

 

ဦးစွာ မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်း ရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်/ယန္တရားများအား မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာနိုင်ငံအတွင်းသို့ ခွင့်ပြုချက်ဖြင့် တရားဝင် တင်သွင်းရောက်ရှိပြီးဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြား အတုများတပ်ဆင်၍ မောင်းနှင် အသုံးပြုနေခြင်းအပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားများသည်လည်း မှတ်ပုံတင်ခြင်းမပြုဘဲ စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနေကြသဖြင့် အဆိုပါမော်တော်ယာဉ်/ ယန္တရားများအားလုံး မှတ်ပုံတင်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ အများပြည်သူသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြေညာချက်ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ အဖွဲ့ဝင်များအားလုံးအနေဖြင့် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အောင်မြင် ချောမွေ့စွာပြီးမြောက်စေရေးအတွက် ကဏ္ဍအလိုက် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေလင်းက ကြီးကြပ်ရေးအဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ မှတ်ပုံတင် ဆောင်ရွက်ပေးမည့် အစီအမံများ၊ မှတ်ပုံတင် ဆောင်ရွက်ပေးမည့်ကာလ၊ အရေးယူဆောင်ရွက်မှု၊ သတင်းထုတ်ပြန်ဆောင်ရွက်မှုများ၊ နိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းရောက်ရှိပြီး မှတ်ပုံတင် ဆောင်ရွက်ခြင်း မရှိသေးသော မော်တော်ယာဉ်/ယန္တရားများနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် ယာဉ်များ ကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့်ယာဉ်များကို ၂၀၂၆ ခုနှစ် မေ ၃၀ ရက် နောက်ဆုံးထား၍ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အတွင်း နောက်ဆုံးထား၍လည်းကောင်း အချိန်မီဆောင်ရွက်ခြင်းမပြုက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၊ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းတာဝန် ၆ ရပ် အောင်မြင်ရေးအတွက် ဌာနအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံအတွင်းသို့ တရားဝင်ယာဉ် တင်သွင်းသူများအနေဖြင့် သတ်မှတ်ကာလအတွင်း ကနဦး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်