စင်ကာပူ မတ် ၁၂
အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် လာမည့်လများအတွင်း စင်ကာပူနိုင်ငံ၌ လျှပ်စစ်ဓာတ်အားခများ မြင့်တက်မည်ဟုခန့်မှန်းထားကြောင်း စီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနမှ စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တာဝန်ခံ ဝန်ကြီးဖြစ်သူ တန်ဆီလန်း က မတ် ၁၂ ရက်တွင် ပြောသည်။
ယင်းသို့ လျှပ်စစ်ဓာတ်အားခများ မြင့်တက်လာနိုင်မှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ၎င်းက အလေးပေးပြောကြားသည်။
စင်ကာပူနိုင်ငံသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၉၅ ရာခိုင်နှုန်းအတွက် သဘာဝဓာတ်ငွေ့ကို တင်သွင်း၍ အသုံးပြုနေရကြောင်း တန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသသည် အဓိကလောင်စာဆီထုတ်လုပ်သည့် ဒေသဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG)တင်ပို့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ ယင်းအခြေအနေကြောင့် မကြာမီကာလအတွင်း လောင်စာဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာရန် တွန်းအားပေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် နိုင်ငံအတွင်း ဓာတ်ငွေ့တစ်ဝက်ခန့်မှာ ဒေသတွင်းပိုက်လိုင်းများမှဖြစ်ပြီး ၎င်းတို့မှာ လက်ရှိပဋိပက္ခတွင် သက်ရောက်မှုမရှိချေ။ ထို့ပြင် စင်ကာပူသည် အရင်းအမြစ်အမျိုးမျိုးမှ သဘာဝဓာတ်ငွေ့ရည်(LNG)ကို တင်သွင်းနေပြီး အရှေ့အလယ်ပိုင်းဒေသ အပေါ် မှီခိုလွန်းခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဓာတ်ငွေ့တင်သွင်းမှု ဆိုးရွားစွာပြတ်တောက်မှုနှင့် ကြုံတွေ့ရပါက လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ ား အသုံးပြုနိုင်ရန် လောင်စာအရန်သိုလှောင်ထားမှုကိုလည်း တည်ထောင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ
ဓာတ်ပုံ- The straits times


