ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား

နေပြည်တော် မတ် ၁၃

 

မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) Forum on The Dawn of A New State (Trust , Stability & Development) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပပညာရှင်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားကို မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဂုဏ်ပြုတေးသီချင်း “မြန်မာ့မျက်နှာစာသစ်” သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် “တည်ငြိမ်မှု၊ ယုံကြည်မှုမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့” Video Clip အား ကြည့်ရှုကြသည်။

 

ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်အသီးသီးကို မိမိအနေဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာဖြင့် စစ်မှန်သည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးမှု ရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တက်ကြွစွာဖြင့် မဲပေးခဲ့ကြကာ စစ်မှန်သည့်မဲရလဒ်များဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ပြည်သူကိုစစ်မှန်စွာ ကိုယ်စားပြုသူများဖြစ်၍ မိမိအနေဖြင့် ဝမ်းမြောက် ကြောင်းကို ပြောကြားလိုကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံတော်ကို စီးပွားရေးအရ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ကို စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဟူသည့် စကားနှင့်အညီ ပြည်သူလူထုအားလုံး၏ လူမှုစီးပွားဘဝများ အဆင်ပြေအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ဖက်မှလည်း နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။

 

ကမ္ဘာပေါ်တွင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးရှိပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံကျင့်သုံးမှု များကွဲပြားကြသည်ကို တွေ့ရကြောင်း၊ ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ၊ တစ်ပါတီတည်းကသာ ဦးဆောင်ဆောင်ရွက်သည့် နိုင်ငံများ၊ အင်အားကြီး နှစ်ပါတီက ဦးဆောင်ဆောင်ရွက်သည့်နိုင်ငံများ စသည်ဖြင့်ကျင့်သုံးမှု အမျိုးမျိုးကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများကလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် လူပုဂ္ဂိုလ်၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကို အခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်ကို သတိချပ်ကြ စေလိုကြောင်း။

 

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းပါ အချက်အလက်များအပေါ်တွင် အခြေခံပြီး ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် မဖြစ်မနေ အလေးထား လုပ်ဆောင်ကြရန်လိုကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး အတတ်ပညာများ လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရေး အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး အသိပညာများ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ တိုးတက်လာစေရေးအတွက်လည်း အခြေခံပညာအထက်တန်း တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အသိပညာများကိုသင်ကြားပေးလျက်ရှိသကဲ့သို့ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့်မှ စတင်၍ သင်ကြားနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း။

 

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာကြည့်မည်ဆိုပါက စာပေ အတတ်ပညာဆိုင်ရာများ၊ အနုသုခုမပညာရပ်များ၊ လူနေမှုစနစ်များအနေဖြင့် အဆင့်အတန်းမြင့်မား ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် စစ်မက်များဖြစ်ပွားခြင်း၊ ပြည်ပ ကျူးကျော်စစ်များဖြစ်ပွားခြင်း၊ အချင်းချင်းမသင့်မြတ်မှုများ ဖြစ်ပွားမှုကြောင့် စစ်ပွဲ ဖြစ်ပွားခြင်းများကြောင့် မိမိတို့၏ ရှေးယခင်ကတတ်မြောက်ခဲ့သည့် အသိပညာ၊ အတတ်ပညာများကို ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်မှု အားနည်းခဲ့ကြသည်ကိုတွေ့ရကြောင်း၊ အလားတူ လွတ်လပ်ရေး ဆုံးရှုံးပြီး ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ချိန်တွင်လည်း မိမိတို့နိုင်ငံ၏ ပညာရေးနိမ့်ပါး အောင်ဆောင်ရွက်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင်လည်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ပြားခဲ့ရပြီး ပညာသင်ကြားမှုများ ထိခိုက်ခဲ့ရကြောင်း။

 

အတန်းပညာရှိမှသာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါကြွယ်ဝလာမည်ဖြစ်သဖြင့် ပညာရည် မြှင့်တင်ရေးကို မိမိတို့အနေဖြင့် မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားကြရမည်ကို လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သတိချပ်ကြစေလိုကြောင်း၊ ယေဘုယျအားဖြင့် ဝေးလံခေါင်ပါးသည့် ဒေသများ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားလျက်ရှိသည့် ဒေသများတွင် ပညာရေး အားနည်းကြသည်ကို တွေ့ရကြောင်း၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားလျက်ရှိသည့်ဒေသများရှိ ပညာရေးကိုလေ့လာကြည့် ပါက တစ်ဦးချင်းပညာရေး အားနည်းမှုကြောင့် စဉ်းစားတွေးခေါ်မှုများ အားနည်းပြီး ပဋိပက္ခများ ဖြစ်ပေါ် နေသည်ကို တွေ့ရှိရကြောင်း။

 

မိမိတို့နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့မှုကြောင့် ယခုကဲ့သို့သောအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ကြောင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ကြောင့်ယခုအခါ အဆိုပါသန့်ရှင်းသည့် ဆန္ဒမဲများဖြင့် ထွက်ပေါ်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries) ကို မဖြစ် မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်နှင့် အညီ နည်းပညာများဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries) ကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စက်မှုကုန်ကြမ်းသီးနှံများကို ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထိုအထဲတွင် ဝါသီးနှံကိုစိုက်ပျိုးခြင်းဖြင့် ဝါမှ ဝါဂွမ်း၊ ချည်နှင့် အထည်အလိပ်များကို ထုတ်လုပ်နိုင်ပြီး စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာအထောက်အကူပြုစေနိုင်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ သစ်တောထွက် သယံဇာတများတွင် ပေါကြွယ်ဝစွာရှိပြီးဖြစ်သည့် ဝါးများကို အသုံးပြု၍လည်း ဝါးပျော့ဖတ်နှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များကို စက်မှုကုန်ထုတ်လုပ်ငန်းများဖြင့် ဆောင်ရွက် နိုင်ကြောင်း။

 

အလားတူ မိမိတို့နိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း စားသောက်ကုန်များကိုသာမက အခြားပြည်တွင်းသုံး ပြည်ပ အစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များတင်ပို့ခြင်းကြောင့် နိုင်ငံခြားငွေများ ရရှိမှသာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း။

 

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းနေထိုင်ကြသူများ အားလုံးက အမှန်တကယ် အလုပ်လုပ်ကြရန်လိုကြောင်း၊ အလားတူသုံးစွဲမှုများဆောင်ရွက်ရာတွင် အသုံးနှင့်အဖြုန်းကိုနားလည် ပြီး တစ်ဦးချင်းမှအစ ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ ငွေကြေးသုံးစွဲမှုများကို လျှော့ချနိုင်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်သူများ ဖြစ်ကြ ရန်လိုကြောင်း၊ နိုင်ငံ့အနာဂတ်တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် လူငယ်များနှင့် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကိုလည်း မိမိအနေဖြင့် အလေးထားအသိအမှတ်ပြုပါကြောင်း၊ ယခုမြန်မာ့ မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) သည် မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အရေးပါသည့် ဆွေးနွေးပွဲ၊ အဓိပ္ပာယ်ရှိသည့် ဆွေးနွေးပွဲဖြစ်သဖြင့် အားလုံးက အလေးထား ဆွေးနွေးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိုရမ်တွင် ပါဝင်ဆွေးနွေးကြမည့် နိုင်ငံတကာပညာရှင်များအား မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပခြင်း အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သည်။

 

ထို့နောက် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် ပါဝင်ဆွေးနွေးကြမည့် နိုင်ငံတကာပညာရှင်များက နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။

 

mdn

 

ယင်းနောက် အနုပညာရှင်များက “ရောင်နီသစ်ပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စု‌ပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့မျက်နှာစာသစ်ဖိုရမ် အထိမ်းအမှတ် ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

mdn

 

အဆိုပါ မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု) Forum on The Dawn of A New State (Trust , Stability & Development) ကို ရည်ရွယ်ချက် (၄) ရပ် ဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး မတ် ၁၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်