နေပြည်တော် မတ် ၁၃

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးမှာကြားခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများ၊ (ကြည်း၊ ရေ၊ လေ) တပ်ဌာနချုပ်များအလိုက် ဌာနချုပ်မှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့် ခေတ်မီတပ်မတော်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ပေးခဲ့မှု

 

 

ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိအနေဖြင့် တပ်မတော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယခုအချိန်အထိ ခေတ်မီတပ်မတော် ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်များကို သုံးသပ် ဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို မှာကြားနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရမည့် အခြေအနေဖြစ်ကြောင်း။

 

မိမိအနေဖြင့် တပ်မတော်အကြီးအကဲများ၏ ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို အကောင်းဆုံးဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်တွင် ယခင်က တပ်မတော် အကြီးအကဲများ၏ လမ်းညွှန်ဆုံးမ ဩဝါဒများ၊ မိမိဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကိုပေါင်းစပ်၍ အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်တိုးတက်ရာ တိုးတက်ကြောင်းနှင့် ခေတ်မီ တပ်မတော်ဖြစ်စေရေး အမြဲတမ်းအာရုံစိုက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် စွမ်းရည် မြှင့်တင်ရေး၊ နိုင်ငံတကာမှ တပ်မတော်များနှင့် ဆက်ဆံမှုကောင်းမွန်ရေးတို့ကို အကောင်းဆုံး ဖြစ်အောင် မြှင့်တင်စွမ်းဆောင်ပေးခဲ့ကြောင်း။

 

တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်ပရန် ကာကွယ်ရေးပင်ဖြစ်ပြီး နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ဝင်ရောက် ထိန်းသိမ်းနေရခြင်းဖြစ်ကြောင်း၊ ယခင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်အကြီးအကဲများ သည်လည်း နိုင်ငံတော်နှင့် တပ်မတော် ကောင်းရာကောင်းကျိုးကို အစဉ်အဆက် အဆင့်ဆင့် လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိသည် မြန်မာ့တပ်မတော်၏ ရှစ်ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ရှေ့ပိုင်းတွင် တာဝန်ယူသွားခဲ့ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များကဲ့သို့ပင် တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။

 

စစ်ဦးစီးပိုင်းဆိုင်ရာမြှင့်တင်ဆောင်ရွက်ပေးခဲ့မှု

 

 

ခေတ်အဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အနေဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး၊ ပြည်ပကျူးကျော်မှုများကို တွန်းလှန်ကာကွယ်ရေး စသည်တို့ကို တပ်မတော်တွင် ရနိုင်သမျှသော အင်အားများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သောင်းကျန်းမှု၊ တရုတ်ကူမင်တန် ကျူးကျော်မှုစသည့် စစ်ဆင်ရေးကြီးများကိုလည်း စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ ကြခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း အရာရှိငယ်ဘဝ၊ အရာရှိကြီးဘဝတို့ဖြင့် တိုက်ခိုက်ရေး တပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို အချိန်ကာလများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန် အောင်မြင်အောင်ထမ်းဆောင်ခဲ့ကြောင်း။

 

တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်း တပ်ဖွဲ့များကိုသာမက တပ်မတော် (ရေ)၊ တပ်မတော်(လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ မိမိအနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)တွင် လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော် (ရေ) အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော် (လေ) အတွက် လိုအပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်များ၊ ရဟတ်ယာဉ်များရရှိရေးကိုလည်း ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ ထို့ပြင် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် လိုအပ်သည့်လက်နက်စနစ်များအပြင် အခြား လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ဖြည့်တင်းခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

 

မိမိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း နိုင်ငံအတွင်းရှိ အမျိုးသမီး အင်အားထုကို အကျိုးရှိရှိအသုံးချနိုင်ရေး အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်က စ၍ခေါ်ယူ အမှုထမ်းခွင့်ပြုခဲ့ကြောင်း၊ ယခင်က တပ်မတော်တွင် အမျိုးသမီးများကို ဆေးဝန်ထမ်းတပ်ဖွဲ့၌ ဆရာဝန်၊ သူနာပြုများအဖြစ်သာ ခန့်အပ်ခဲ့ရာမှ ဘွဲ့ရအမျိုးသမီးသင်တန်း၊ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေးသင်တန်း၊ အမျိုးသမီးသူနာပြုသင်တန်းနှင့် တပ်သားသစ်သင်တန်းများကို ခေါ်ယူခဲ့ပြီး အမျိုးသမီးများ၏ လူ့စွမ်းအားအရင်းအမြစ်ကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အမျိုးသမီး (အရာရှိ/အခြားအဆင့်) ၅၀၀၀ ကျော်အနေဖြင့် အမျိုးသားများနှင့် တန်းတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ ထူးခြားမှုအနေဖြင့် အမျိုးသမီးလေသူရဲ၊ လေယာဉ်မှူးများကို မွေးထုတ်ပေးနိုင်ခဲ့သည်မှာလည်း မှတ်ကျောက်တင် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။

 

ထို့ပြင် နိုင်ငံတော်တွင် ရိုသေခံ့ညားလောက်သည့် ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေးစွမ်းပကားကို ရရှိနိုင်ရေးအတွက် ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြင်ဆင်ပြဋ္ဌာန်း ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်းကာ အာဏာတည်စေခဲ့ပြီး အကောင်အထည်ဖော် ကျင့်သုံးခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်သွေးချွေးများ ပေးဆပ်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းဆောင်လျက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်မှုများကိုလည်း မိမိတို့အနေဖြင့် အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ လိုအပ်သည့် ထောက်ပံ့မှုများနှင့် ရပိုင်ခွင့်များရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားရန်လိုကြောင်း။

 

မိမိအနေဖြင့် တပ်မတော်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်ဖြစ်ရေးအတွက် တည်ဆောက်ခဲ့ ရာတွင် စစ်လက်နက်ပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ကိုယ်ပိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ Standard Army ဖွဲ့စည်းတည်ဆောက်သည့် နေရာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကို လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော် (ရေ) အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူ ဖြည့်တင်းခြင်းများအပြင် တပ်မတော် (လေ) အတွက် လိုအပ်သည့် လေယာဉ်များ၊ ရဟတ်ယာဉ် များအား အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်များ ရရှိရေးကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းတည်ထောင်ပေးနိုင်ခဲ့ပြီး စစ်ရေးပြအခမ်းအနားများနှင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားများတွင် ခမ်းနားစွာဖြင့် ပါဝင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း။

 

စစ်ရေးဆိုင်ရာမြှင့်တင် ဆောင်ရွက်ပေးခဲ့မှု

 

 

တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက်လည်း မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တပ်မတော်ပညာရေးကျောင်းများဖွင့်လှစ်ကာ ပညာရေးအားနည်းသည့် တပ်မတော်သားများကို အတန်းပညာ မြင့်မားလာစေရေး တက်ရောက်သင်ကြားစေခဲ့ကြောင်း၊ တပ်မတော်ပညာရေး ကျောင်းများမှတစ်ဆင့် တာဝန်ထမ်းဆောင်ဆဲ စစ်သည်များ အားလုံးအနည်းဆုံး အခြေခံပညာ မူလတန်းအဆင့်ကို အောင်မြင်ပြီးဆုံးသည်အထိ သင်ကြားတတ်မြောက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးများကို ဆောင်ရွက်ပေးနိုင်ခဲ့ သကဲ့သို့ တပ်မတော်သားများ၊ အငြိမ်းစားတပ်မတော်သားများ၏ ပညာရည်မြင့်မားရေးကိုလည်း အလေးပေး မြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ပညာသင်နှစ်အလိုက် လစဉ်ချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ပညာသင်ဆုများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ ဂုဏ်ထူးသုံးဘာသာနှင့်အထက် ရရှိအောင်မြင်ကြသည့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သား သမီးများ၊ ဂုဏ်ထူး တစ်ဘာသာနှင့်အထက် စစ်သည်များ၊ လူရည်ချွန်ရရှိသူများ၊ ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း (ပထမ၊ ဒုတိယနှင့် တတိယ) ရရှိသူများနှင့် အောင်ချက် အကောင်းဆုံး တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများအား နှစ်စဉ်ဆုများပေးအပ်ချီးမြှင့် ပေးခဲ့ကြောင်း၊ ထိုသို့ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ဆုချီးမြှင့်ခဲ့မှု အရေအတွက်အနေဖြင့် ၂၀၁၁- ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ခြောက်ဘာသာ ၄၈၇ ဦး၊ ငါးဘာသာ ၉၆၂ ဦး၊ လေးဘာသာ ၁၅ဝ၈ ဦး၊ သုံးဘာသာ ၁၉၈၀၊ နှစ်ဘာသာ ၂၇၅၉ ဦးနှင့် တစ်ဘာသာ ၉၄၀၄ ဦး ဂုဏ်ထူးရ စုစုပေါင်း ၁၇၁၀၀ ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှစပြီး ၂၀၂၅ ခုနှစ်အထိ ဘက်စုံထူးချွန်ဆုရရှိသူများ၊ ဂုဏ်ထူးငါးဘာသာ၊ ခြောက်ဘာသာရရှိသူများ၊ အမှတ်အများဆုံးရရှိကြသူများနှင့် အမှတ်အများ ဆုံးရရှိသည့် စစ်သည်များအား တပ်မတော်အထက်တန်းကျောင်း၊ ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီး နှစ်ဦးတို့နှင့်အတူ နှစ်စဉ်ပြည်ပလေ့လာရေးခရီး စေလွှတ်ပေးခဲ့ပြီး ယခုအချိန်အထိ ကျောင်းသားကျောင်းသူ ၂၇၁ ဦးကို စေလွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

 

နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားသည့် တပ်မတော်သားများ၊ သေဆုံး၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုများနှင့် သက်ပြည့်အငြိမ်းစား တပ်မတော်သားများ ဘဝကောင်းမွန်စွာ ရပ်တည်နေထိုင်နိုင်ရေးအတွက်လည်း နယ်မြေဒေသအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

 

တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် အဆင့်မြင့်/တန်ဖိုးသင့် စစ်မှုထမ်းဟောင်းအိမ်ရာနေရာ ၂၁ နေရာရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောက်လုပ်ပြီးအခန်း ၆၈၀၀ ကျော်၊  ဆောက်လုပ်ဆဲအခန်း ၄၀၀၀ ကျော်နှင့် နေရာချထားပေးရန် ဆောင်ရွက်ဆဲအခန်း ၈၇ဝ ရှိ ကြောင်း။

 

တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တပ်မတော်ဆေးရုံများ အသစ်တိုးချဲ့ပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ဖြည့်တင်းပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ပြည်သူလူထုကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး အတွက်လည်း တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များ စေလွှတ် ကုသပေးခြင်း၊ မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) တို့ကို စေလွှတ်၍ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကိုသာမက ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကိုလည်း ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များအား ဒေသခံပြည်သူလူထု၏ လှိုက်လှိုက် လှဲလှဲကြိုဆိုမှု၊ ယုံကြည်အားကိုးခံရမှုများသည် တပ်မတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူက အားကိုးရသည့် တပ်မတော်အဖြစ် သက်သေပြနေခြင်းပင်ဖြစ်ကြောင်း။

 

ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကိုယ်ကျိုးစွန့်ကာ  စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များကိုလည်း မိမိအနေ ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များနှင့် လက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ပြီး ထိုက်တန်သည့် ချီးမြှင့်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ချီးမြှင့်ပေးအပ်ခဲ့ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း အရာရှိ၊ စစ်သည် ဦးရေ စုစုပေါင်း ၁၁၀၀၀၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ပေးအပ်နိုင်ခဲ့ကြောင်း။

 

စစ်ထောက်ဆိုင်ရာ

 

 

တပ်မတော်သားများနှင့် မိသားစုဝင်များ အဆင်ပြေစွာဖြင့် နေထိုင်နိုင်ရေး နေအိမ်လိုင်းခန်းများကို အဆင့်နှင့် လျော်ညီစွာ ဖြည့်ဆည်းတည်ဆောက်ပေးခဲ့သကဲ့သို့ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဌာနချုပ် များတွင် မိုးလုံလေလုံအားကစားရုံများနှင့် အဆင့်မီဘောလုံးကွင်းများကိုလည်း တည်ဆောက်ပေး နိုင်ခဲ့ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်ပတ်သက်၍ တပ်မတော်ကုန်စည်များကို အဆင်ပြေချောမွေ့ စွာဖြင့် သယ်ဆောင်နိုင်ရန်နှင့် တပ်မတော်သားများနှင့် မိသားစုဝင်များ သွားလာမှုအဆင်ပြေစေရေး အတွက် တပ်မတော်ပိုင် မီးရထားစက်ခေါင်းများနှင့် မီးရထားတွဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တပ်မတော် မီးရထားစနစ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ၏ ရိက္ခာစို ငွေများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်အတွက် လိုအပ်သည့် မော်တော်ယာဉ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအားလုံးအတွက် နေရာဒေသအလိုက် တာဝန်ထမ်းဆောင်မှုအလိုက် သက်ဆိုင်ရာ ယူနီဖောင်းများ ဝတ်ဆင်ရာတွင် အဆင့်မီသည့်ယူနီဖောင်းများ ဝတ်ဆင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ၏ ဝတ်စားဆင်ယင်မှုများကို ပိုမိုတိုးတက် ကောင်းမွန်လာစေရေး တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများကို အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ သဖြင့် ယခုအခါဝတ်စားဆင်ယင်မှုများ ပိုမိုတိုးတက်လာခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် မိုးရေကာဖျင်စက်ရုံ၊ တပ်မတော်သားရေစက်ရုံ၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံတို့ကို အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်ခဲ့ပြီး တပ်မတော်သားများအတွက် လိုအပ်သော အရည်အသွေး ကောင်းမွန်သည့် ရှူးဖိနပ်များ အပါအဝင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ခဲ့ ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း အခမ်းအနားဝတ်စုံ ၂၆ စုံ၊ တိုက်ပွဲဝင် ဝတ်စုံ ၃၀၊ ဗိုလ်လောင်း ဝတ်စုံ ၂၅ စုံ၊ လုပ်ငန်းခွင်ဝတ်စုံ ၂၈ စုံ အပါအဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ)တစ်ရပ်လုံး အတွက် ဝတ်စုံအသစ် ၁၉၃ စုံ တို့ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

 

တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့မှု

 

ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် အင်အားတောင့်တင်းရန်လိုသကဲ့သို့ စွမ်းရည် ထက်မြက်သည့် တပ်မတော်ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ခြေလျင် တပ်ဖွဲ့များအပြင် တပ်မတော် (ရေ)၊ တပ်မတော် (လေ) တို့ကိုလည်း အဆင့်မြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော် (ရေ) နှင့် ပတ်သက်၍ မိမိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ချိန်တွင် တပ်မတော် (ရေ) အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ပြည်တွင်း၌ တည်ဆောက်ပြီး တပ်တော်ဝင်နိုင်သကဲ့သို့ ပြည်ပနိုင်ငံများမှ ဝယ်ယူဖြည့်တင်းခြင်းများကို ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ရေငုပ် သင်္ဘောစစ်ရေယာဉ် မင်းရဲသင်္ခသူနှင့် မင်းရဲကျော်ထင်တို့ကို တပ်တော်ဝင်အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်ပိုင် သင်္ဘောကျင်းမှ စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ထုတ်လုပ်နိုင်သည့် ဒေသတွင်းတစ်ခုတည်းသော တပ်မတော်ဖြစ်ကြောင်း၊ မကြာမီက တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ် စစ်ရေယာဉ် (သာလွန်မင်း) သည် မိမိတို့နိုင်ငံ၏ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြည်တွင်း၌ တည်ဆောက်သည့် သင်္ဘောများတွင် အကြီးဆုံးဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ရေယာဉ်များကို ပြည်တွင်း၌ပင် တည်ဆောက် နိုင်ခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံ၏ ရေပြင်ပိုင်နက်ကို ပိုမိုစိုးမိုး ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် (ရေ) ကို အဆင့်မြှင့်တင်ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ရေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ဖြည့်တင်း ဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ရေကြောင်းအကျိုးစီးပွားများနှင့် ရေကြောင်းလုံ ခြုံရေးကို ပိုမိုစောင့်ကြည့်ကာကွယ်နိုင်ခဲ့ကြောင်း၊ ရေတပ်သား တစ်ဦးချင်းအနေဖြင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင် လုံခြုံရေးနှင့် ရေကြောင်းအကျိုးစီးပွား ကာကွယ်ရေးတို့အတွက် မိမိတို့ကိုင်တွယ် အသုံးပြုနေရသည့် လက်နက်ပစ္စည်းများနှင့် စက်ကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရန် လိုကြောင်း။

 

တပ်မတော် (လေ)နှင့် ပတ်သက် ၍ မိမိတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း တပ်မတော် (လေ) အတွက် လိုအပ်သည့် လေယာဉ်/ရဟတ်ယာဉ်များကို ဖြည့်တင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပို့ဆောင်ရေး လေယာဉ်/ ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်/ ရဟတ် ယာဉ်များကို နှစ်အလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခု ထပ်မံဖြည့်တင်းထားသည့် လေယာဉ်/ ရဟတ်ယာဉ်များသည် နိုင်ငံတကာ (လေ) တပ်များနည်းတူ စွမ်းဆောင်ရည်ရှိသည့် ခေတ်နှင့် လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များ ဖြစ်ကြောင်း၊ တပ်မတော် (လေ) မှ လေသူရဲများ အနေဖြင့်လည်း တစ်ဦးချင်းစွမ်းရည်များ ပြည့်ဝသည့် လေသူရဲများအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ခေတ်မီတပ်မတော် (လေ) ဖြစ်စေရေး လူသားအရင်းအမြစ်သည် အရေးကြီးသည့်အတွက် လေသူရဲများ၊ စက်မှုလက်မှုစစ်သည်များ၊ အတတ်ပညာရှင်စစ်သည်များ၏ လေ့ကျင့်ရေးစွမ်းရည် မြှင့်တင်နိုင်ရေး လေယာဉ်အမျိုးအစားအလိုက် Simulator များဖြင့် အဆင့်မြှင့်တင်လေ့ကျင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော် (လေ) အနေဖြင့် တိုးတက်ပိုင်ဆိုင်လာသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အသုံးပြုပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားရေး၊ နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြရန်လိုကြောင်း။

 

လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့မှု

 

တပ်မတော်တစ်ခုကို တည်ဆောက်ရာတွင် လေ့ကျင့်ရေးသည် မဖြစ်မနေအရေးကြီး လိုအပ်ချက် တစ်ခုဖြစ်ကြောင်း၊ မည်မျှပင်အစွမ်းထက်သည့် လက်နက်များကို ပိုင်ဆိုင်ထားသည်ဖြစ်စေ ကိုင်တွယ်အသုံးပြုသွားမည့် အရာရှိ၊ စစ်သည်များ၏ စွမ်းရည်များ ပြည့်မီမှုမရှိပါက အသုံးဝင်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဟူသည့် ဆောင်ပုဒ်နှင့်အညီ စစ်သည် တစ်ဦးချင်း အနေဖြင့် လေ့လာမှတ်သားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခြင်း၊ လေ့ကျင့်မှုများ အမြဲမပြတ် ဆောင်ရွက်ခြင်း၊ ရရှိထားသည့် လေ့လာထားမှု၊ လေ့ကျင့်ထားမှုတို့အပေါ် လက်တွေ့လိုက်နာ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ချိန်ကာလအတွင်း (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ခေတ်နှင့် လျော်ညီသည့် ပူးပေါင်းလေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့်ပတ်သက်၍ အဆင့်အလိုက် သင်တန်းများကို တိုးချဲ့ ဖွင့်လှစ် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ခဲ့သကဲ့သို့ အဆင့်မြင့်စာပေ ပါရဂူဘွဲ့များပေးအပ်နိုင်ရေး အတွက်လည်း တပ်မတော်စာပေဌာနများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

 

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ပြီး စီမံခန့်ခွဲမှုကောင်းရှိရန်နှင့် စစ်စည်းကမ်းလိုက်နာမှုကောင်းရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် ခေါင်းဆောင်ကောင်းစိတ်နှင့် ဖခင်သဖွယ် စိတ်ထားရှိ၍ ကွပ်ကဲ အုပ်ချုပ်မှုကောင်းကို ဖော်ဆောင်သွားကြရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ရပိုင်ခွင့်များအားလုံး ပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ ကိုယ်ရေးကိုယ်တာ အခက်အခဲ၊ အကျပ်အတည်းများကိုလည်း မိမိတို့ တတ်စွမ်းသရွေ့ ဖြေရှင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း။

 

သက်သာချောင်ချိရေးနှင့် ပတ်သက်၍ သက်သာမှုရှိစေရေး ထောက်ပံ့ပေးသည့်ငွေကြေး၊ ပစ္စည်း အသုံးအဆောင်များ၊ အစားအသောက်များ ဖြည့်ဆည်းပေးခြင်း သာမကဘဲ လက်အောက် ငယ်သားများ၏ နေထိုင်ရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့၌ အဆင်ပြေမှုရှိအောင် ဆောင်ရွက်ပေးရန်လည်းဖြစ်ကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်မှုကာလနှင့် တတ်မြောက် ထားသည့် ပညာရပ်များအလိုက် အဆင့်တိုးမြှင့်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ လစဉ်ထောက်ပံ့ကြေးများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ စားဝတ်နေရေး ပိုမိုအဆင်ပြေစေရန်အတွက် လစဉ်ထောက်ပံကြေး ငွေကျပ် ၃၀၀၀၀ ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သုံးကြိမ်တိုင်တိုင် တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးအဖြစ် အမှုထမ်းသက်များအလိုက် အထူး ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်ထားရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်မတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တစ်ဦးချင်း သက်သာချောင်ချိရေးအတွက် အသုံးနှင့်အဖြုန်းကို သိရှိနားလည်ရန် လိုကြောင်း၊ အလားတူ အသောက်အစား အပျော်အပါးများကို ရှောင်ကြဉ်ခြင်းဖြင့်လည်း တစ်ဦးချင်း၏ ငွေကြေးသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

 

စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့် ပတ်သက်၍ တပ်မတော်သားများအားလုံးအနေဖြင့် တိုင်းပြည် ချစ်စိတ်ရှိပြီး ယုံကြည်ချက်၊ ခံယူချက်ကောင်းရန် လိုသကဲ့သို့ တပ်မတော်၏ ယုံကြည်ချက်၊ ခံယူချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များအလိုက် အားကစားပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိပြီး အားကစားပြိုင်ပွဲများမှ တစ်ဆင့် စိတ်ဓာတ်မြှင့်တင်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတပ်ကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိတပ်ဖွဲ့ကိုချစ်မြတ်နိုးသည့်စိတ်၊ တပ်မတော်ကို ချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်နေသရွေ့ တပ်မတော်သည် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း၊ တပ်မတော်သည် အမိ၊ တပ်မတော်သည်အဖ ဆိုသည့်အတိုင်း စည်းလုံးညီညွတ်မှုအားများကို  တည်ဆောက်သွားကြရန်လိုကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကို ကာကွယ်မည်ဟူသည့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့် မိမိတို့သဘောဆန္ဒ အလျောက် တပ်မတော်အတွင်း ဝင်ရောက်လာကြခြင်းဖြစ်သည့်အတွက် အသက်ခန္ဓာပေးဆပ်ပြီး တာဝန်ထမ်းဆောင်နေမှုအပေါ် ဂုဏ်ယူကာ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထား ပြုရသည့် စစ်သည်တော်ကောင်းများဖြစ် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

 

နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ချိန်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံ သို့ ခရီးစဉ်ပေါင်း ၅၃ ကြိမ် သွားရောက်နိုင်ခဲ့ပြီး အဆိုပ ခရီးစဉ်များမှတစ်ဆင့် ခေတ်မီတပ်မတော် ထူထောင်ရေး လက်တွေ့လေ့လာနိုင်ခဲ့ပြီး တပ်မတော်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုအချိန်အထိ နိုင်ငံပေါင်းခြောက်နိုင်ငံသို့ ခရီးစဉ်ပေါင်း ၁၂ ကြိမ်သွားရောက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

တပ်မတော်မှ အရာရှိ၊ စစ်သည်များကိုလည်း နိုင်ငံတကာသို့ ပညာတော်သင်များအဖြစ် စေလွှတ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လေ့ကျင့်ခန်းများစေလွှတ်ခြင်း၊ နိုင်ငံတကာ တပ်မတော်ဆိုင်ရာ ဆွေးနွေးပွဲများ စေလွှတ်ခြင်းနှင့် ချစ်ကြည်ရေးခရီးစဉ် စုစုပေါင်း ၂၈၉၂ ကြိမ် စေလွှတ်နိုင်ခဲ့ပြီး အရာရှိ ၇၀၀၀ ကျော်နှင့် စစ်သည် ၇၀၀ ကျော်ကို စေလွှတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ တပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာစေရေးနှင့် နိုင်ငံတကာအတွေ့အကြုံများ တိုးတက်လာစေရေး စေလွှတ်ပေးခြင်းပင်ဖြစ်ကြောင်း။ 

 

နိုင်ငံရေးအစိုးရများအနေဖြင့် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ပြီး သတ်မှတ်ကာလများအလိုက် ပြောင်းလဲနေမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် အစိုးရများကဲ့သို့ ပြောင်းလဲမည်မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံးအနေဖြင့် နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက် အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သည့် “မွန်မြတ်သည့် လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်”ကို ဆက်လက်မြှင့်တင်သွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား မိမိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း လက်တွဲညီညီဖြင့် တပ်မတော်၏ ကောင်းရာ ကောင်းကျိုး၊ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများအတွက် အတူတကွ ဆောင်ရွက်ခဲ့မှုများအပေါ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်