နေပြည်တော် မတ် ၁၃

 

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၆/၂၀၂၅-၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကော်မတီအနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အထိ အမှုတွဲပေါင်း ၁၇၁၅ စောင်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ် (စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေ လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်ညွှန်ကြားချက်ကို စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ (၄/ ၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်အရ ညွှန်ကြားချက်ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကျင်းပခဲ့သည့် အစည်းအဝေးများတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာ စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းများအတွက် SOP ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းဆွေးနွေးခြင်း၊ စက်ကိရိယာပစ္စည်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ (Equipment Management Procedure) အား ဆွေးနွေးခြင်း၊ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီ၏လုပ်ငန်းတာဝန်များအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန်နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခု (၆/၂၀၂၅-၂၀၂၆) ဆဋ္ဌမအကြိမ်အစည်းအဝေးတွင် အမှုတွဲ (၁၀) စောင်ကို အတည်ပြုဆွေးနွေးရန် ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် (စက်ပစ္စည်း) စာရင်းကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ အတည်ပြုနိုင်ရန် တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ထို့နောက် ဝန်ကြီးဌာန/အဖွဲ့အစည်းများက တင်ပြသည့် ရန်ပုံငွေလွှဲပြောင်းအမှုတွဲ (၁၀) စောင်ကို သက်ဆိုင်ရာ ကော်မတီဝင်များနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များကလည်းကောင်း၊ ငလျင်အပါအဝင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော စက်ပစ္စည်းများအား စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင် တပ်ဆင်ခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စံပြုလုပ်ငန်းစဉ် အဆင့်ဆင့် (SOP) ကို အတည်ပြုနိုင်ရေးအတွက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်