နေပြည်တော် မတ် ၁၃

 

သတ္တမအကြိမ်မြောက် ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ စီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၆) ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းသိမ်းရေး ဗဟိုဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အွန်လိုင်းဖြင့် တက်ရောက်သည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ပထမအကြိမ် ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သုတေသနရန်ပုံငွေ ကောက်ခံရရှိသည့် ကျပ်သိန်းပေါင်း ၅၇၆၃၃ ဒသမ ၅၈၂၀၅ မှ သုတေသန လုပ်ငန်းများသို့ ကျပ်သိန်းပေါင်း ၂၁၇၆၁ ဒသမ ၄၁၈ ကို သတ်မှတ် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ ခွင့်ပြုချထားပေးခဲ့ပြီး လက်ကျန်ငွေမှာ ကျပ်သိန်းပေါင်း ၃၅၈၇၂ ဒသမ ၁၆၄ ဖြစ်ကြောင်း၊ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှုစာချုပ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၏ ၁-၁၂-၂၀၂၂ ခုနှစ်မှ ၃၁-၁၂-၂၀၂၅ ခုနှစ်အထိ သုံးစွဲပြီးအသုံးစရိတ်များ၊ ရှင်းတမ်းများကို ဌာနတွင်း သုတေသနရန်ပုံငွေ စစ်ဆေးရေးအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခြောက်ကြိမ် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အသုံးစရိတ်များကို တနင်္သာရီတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်ရုံး ကလည်း စစ်ဆေး ပြီးဖြစ်ကြောင်း။

 

လက်ရှိ ငါးလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ငါးလုပ်ငန်း ဦးစီးဌာနက ဦးစီးဆောင်ရွက်သော ရေသတ္တဝါများ ၏ ရောဂါဖြစ်ပွားမှု အခြေအနေများကို စမ်းသပ် သုတေသနပြု စမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းဖြစ်ကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းများတွင် ငါးရောဂါ ကျရောက်မှု ဆုံးရှုံးမှုတန်ဖိုးလွန်စွာမြင့်မားသည့်အတွက် တနင်္သာရီ တိုင်းဒေသကြီး ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းများအတွက် ပြင်ပမှ ငါးရောဂါများ ကျရောက်မှုမရှိစေရန်၊ ငါးရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မွေးမြူရေး သုတေသနဦးစီးဌာနကလည်း ကျွန်းစုစခန်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး ငါးလုပ်ငန်း ဦးစီးဌာနက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၂၂ ရက်အထိ တနင်္သာရီကမ်းရိုးတန်း ရေပြင်တွင် ငါးသယံဇာတ တည်ရှိမှုကို M.V.SEAFDEC 2 သုတေသန ရေယာဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကလွင်စခန်း အဆင့်မြှင့်တင်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ထို့အတူ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် ငုပ်ရှပ်၏မျိုးပွားမှု၊ ရှင်သန် ပေါက်ပွားမှု၊ ပျံ့နှံ့တည်ရှိမှုနှင့် ဂေဟစနစ်အား သုတေသနပြုခြင်း စီမံကိန်းကိုလည်း ခွင့်ပြုထားရှိပြီးအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသ ကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းအနေဖြင့် မြိတ်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကျင်းပခဲ့သော ပင်လယ်ငါးသယံဇာတ စီမံခန့်ခွဲမှု နှင့် ထိန်းသိမ်းရေးဆိုင်ရာ ဖိုရမ်တွင် ဖတ်ကြားတင်ပြခဲ့ကြသည့် သုတေသနစာတမ်းများကို Proceeding စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သော ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါ မွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကိုလည်း Proceeding စာအုပ်အဖြစ် ဆက်လက်ပုံနှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း၊ ငါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် များစွာအထောက်အကူဖြစ်စေသည့် ငါးလုပ်ငန်းဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း ပိုမိုအကျိုးရှိ ထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း မွေးမြူရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခြင်း၊ အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်