နေပြည်တော် မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ မင်္ဂလာဒီပရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက စာဖြေခန်းများအားလုံး အလင်းရောင်ကောင်းစွာရရှိရေး၊ လေဝင်လေထွက် ကောင်းမွန်ရေး နေ့စဉ်စစ်ဆေး ဖြည့်ဆည်းရန်နှင့် ကျောင်းသားကျောင်းသူများ ဘာသာစုံ ပြီးမြောက်သည်အထိ မပျက်မကွက် စာမေးပွဲလာရောက်ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရမည့် တာဝန် ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင် စာမေးပွဲကို စာမေးပွဲ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့် စာစစ်ဌာန ၅၂ ခုရှိပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၄၉၁၄ ဦးရှိ၍ တတိယနေ့ သင်္ချာဘာသာရပ်ကို ၁၄၁၀၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၀ ရှိပြီး သင်္ချာဘာသာရပ်ကို ၂၃၀ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


