နေပြည်တော် မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး (ရုံးခွဲ) ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၏ အုပ်ထိန်းသူများနှင့် လိုက်ပါ ပို့ဆောင်အားပေးကြသည့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူ ဆရာ ဆရာမများကို တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူး ဆရာဆရာမများ၏ စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ စာမေးပွဲခန်း ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးနှင့် တာဝန်ကျသည့် ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုတို့ကို ကြည့်ရှုအားပေး၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ အားလုံး ညီညီညွတ်ညွတ်ပူးပေါင်း လက်တွဲဆောင်ရွက်၍ တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင် ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နောင်ချိုမြို့နယ် ဆင်လမ်းစုရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်း အကျိုးတော်ဆောင်များကို တွေ့ဆုံကာ စာသင်ဆောင်၊ သိပ္ပံဆောင် တည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများဖြင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရေး၊ ကျောင်းအားကစားကွင်းကို စံကိုက်အားကစားကွင်းဖြစ်အောင် ပြုပြင် ဆောင်ရွက်နိုင်ရေး၊ ကျောင်းစာကြည့်တိုက်များကိုလည်း အကျိုးရှိ ထိရောက်အောင် အသုံးပြု ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြား၍ ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြင်ဦးလွင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မျက်မမြင်၊ မသန်စွမ်းကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သတင်းစဉ်


