နေပြည်တော် မတ် ၁၃

 

ပြည်ထောင်စု နယ်မြေ နေပြည်တော် ၂၀၂၆ ခုနှစ် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့တွင် ထုတ်ပြန်ထားသည့် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပြီး ကျန်းမာရေးကောင်းမွန်သည့် လုံခြုံသောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် ထုတ်လုပ် ရောင်းချနေသော ကုန်ပစ္စည်းများသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး ဘေးကင်းလုံခြုံမှုရှိသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်စေရေးအတွက် စားသုံးသူ ပြည်သူများကို အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာနဦးစီးမှူးကပြည်ထောင်စု နယ်မြေအတွင်း စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး စားသုံးသူရေးရာဦးစီးဌာန စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု Video Clip ပြသကာ စားသုံးသူရေး ရာဦးစီးဌာန ဝန်ထမ်းများက ဂုဏ်ပြုတေးသရုပ်ဖော်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

 

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ကုန်အညွှန်း အမှတ်အသားကပ်နှိပ်ပြီး ကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)