နေပြည်တော် မတ် ၁၃

 

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေး (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်းများ အသီးသီးရေးဆွဲပြီး စီမံကိန်းပါလုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်းစီမံချက်များနှင့် လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ တားဆီး ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ်စီမံကိန်း ၂၀၂၂-၂၀၂၆ အပေါ် အခြေခံ ပြီး ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင် လုပ်ငန်းကဏ္ဍ (၄) ရပ်ဖြစ်သော မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုနှင့် ဆက်နွှယ်ဖြစ်ပွားလျက် ရှိသော လုပ်ငန်းစဉ်များ၊ အသစ်ထပ်မံထည့်သွင်းလိုသည့် လုပ်ငန်းစဉ်များ၊ ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံများအား တားဆီးတိုက်ဖျက် နှိမ်နင်းနိုင်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တပ်ဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပြင်ဆင်/ ဖြည့်စွက် အကြံပြုချက်များနှင့်အညီ ရေးဆွဲထားရှိကြောင်း။

 

ယနေ့ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လိမ်လည်မှုများတွင် ယေဘုယျ အားဖြင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစား ဆိုင်ရာလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှု၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်မှု စသည့် နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်အကိုင် လိမ်လည်မှုများမှတစ်ဆင့် အတင်းအကျပ် အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း။

 

လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး အသိပညာပေးမှုအနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Billboard နှင့် ပိုစတာများ စိုက်ထူခြင်း၊ Talk Show များ ပြုလုပ်ခြင်း၊ နိုင်ငံပိုင် ရုပ်မြင်သံကြားတို့မှတစ်ဆင့် အသိပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ပြသနိုင်ရေး ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုအသိပညာပေး စတစ်ကာများကပ်ခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် အများပြည်သူများထံ SMS များ ပေးပို့ခြင်း စသည့်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် လက်ရှိအွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်ပြီး ဖြစ်ပေါ် လာနိုင်သောလူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူလူထုသိရှိနိုင်ရေး ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်း။

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ချိတ်ဆက်ကာဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးကာ မိသားစုထံ ပြန်လည် အပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခဲ့ကြပြီး အခက်အခဲ ကြုံတွေ့ရသဖြင့် ဆက်သွယ်ရေးသံတမန်လမ်းကြောင်းများဖြစ်သည့် သံတမန်လမ်းကြောင်း၊ National Central Bureau (NCB)နှင့် ရဲဆက်ဆံရေးလမ်းကြောင်း များမှတစ်ဆင့် အကူအညီ တောင်းခံလာမှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင် ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ပြည်တွင်းစက်ရုံ အလုပ်ရုံများ၏ လုပ်သားလိုအပ်ချက်၊ အာဆီယံဒေသတွင်း နိုင်ငံအချို့၏ လုပ်သားလိုအပ်ချက်များအပေါ် အခြေပြုပြီး မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွား ရောက်လုပ်ကိုင်လိုသူများကို ပြည်ပသို့ တရားမဝင် ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများသည် အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်လာခဲ့ကြသည်ကို တွေ့ရှိရ သဖြင့် မိမိတို့နိုင်ငံတွင် လက်ရှိပြဋ္ဌာန်းအသုံးပြုလျက်ရှိသည့် ရာဇသတ်ကြီးဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေများကို အမှီပြု၍သာ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ခဲ့ရသဖြင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှောင်ခိုကူးသူများအား တားဆီးနှိမ်နင်းနိုင်ရေးအတွက် လက်ရှိအရေးယူဆောင်ရွက်နေသည့် ဥပဒေများထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရန်အတွက် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)အား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အကြံပြုချက်များနှင့်အညီရေးဆွဲပြီး ဆောလျင်စွာအတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း။

 

လူကုန်ကူးခံရသူများအား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအပါအဝင် လူသား အချင်းချင်း စာနာသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၎င်းတို့ဘဝ ရပ်တည်နိုင်ရေးအတွက် နောက်ဆက်တွဲ စောင့်ရှောက်မှုအနေဖြင့် ကူညီထောက်ပံ့မှုများကို သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများက ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

 

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေကို ထိရောက်စွာ အသုံးချနိုင်ရေး အထောက်အကူပြုမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ ယနေ့ အချိန်ထိ ဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်များသည် ယခင်နှစ်များနှင့်မတူဘဲ ပိုမို ဆန်းသစ်သော ခေါင်းပုံဖြတ်မှုများကို တွေ့ရှိလာရသည့်အတွက် ပြောင်းလဲလာသော အခြေအနေများ အပေါ်မူတည်ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြပြီး အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးသည်။

 

ယင်းနောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည် ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်