ရန်ကုန် မတ် ၁၃

 

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင် (၃၀၀) ဆံ့ ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါ အထူးကုဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ပြတ်တောက်ထိခိုက်သွားသည့် ဝဲလက်မကို ‌ယာဘက်ခြေညှိုးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံမှ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အဖွဲ့မှ ကျွမ်းကျင်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြသည်။

 

ကုသမှုခံယူ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကံကြီးရွာမှ ဦးသန့်ဇင်ဦး အသက် (၃၃) နှစ်သည် ရိတ်ခြွေစက်ပြင်နေစဉ် မူလီကြိုးဖြင့် ဝဲဘက်လက်မ ထိခိုက်မိသဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြန်အောင်ပြည်သူ့ဆေးရုံ၌ ကနဦးကုသမှုခံယူပြီး ဖေဖော်ဝါရီ၂၀ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်အရိုးရောဂါ အထူးကု ဆေးရုံ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်သို့ လွှဲပြောင်းခဲ့ပြီး အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူခဲ့သည်။

 

ထို့နောက် ပြတ်တောက်ထိခိုက်သွားသော ဝဲလက်မကို ယာဘက်ခြေညှိုးဖြင့် အစားထိုးရွှေ့ပြောင်း ခွဲစိတ်ကုသခြင်းကို ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာ ခွဲစိတ်) ဦးဆောင်သည့်အဖွဲ့က မတ် ၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ရာ ခွဲစိတ်ကုသပြီး (၈) ရက်မြောက်နေ့ မတ် ၁၂ ရက်မှာပင် အစားထိုး လက်ချောင်းမှာ ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေတွင် ရှိသည်။

 

ပြတ်တောက်သွားသည့်လက်အား ‌ ခြေညှိုးဖြင့်အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသမှုကို ပထမအကြိမ် အဖြစ် ၂၀၁၉ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်