ကိုလံဘို မတ် ၁၃
သီရိလင်္ကာ အမျိုးသားရေပေးဝေရေးနှင့် ရေနုတ်မြောင်းအဖွဲ့ (အင်န်ဒဗလျူအက်စ်ဒီဘီ) က နိုင်ငံ အတွင်း အကြီးဆုံးမြေအောက်ရေအရင်းအမြစ်ကို ရှာဖွေတွေ့ရှိကြောင်း မတ် ၁၃ ရက်တွင် ကြေညာသည်။
တောင်ပိုင်းပြည်နယ် ပီတာ ဘက်ဒါရာ၌တည်ရှိသည့် အဆိုပါ ရေအရင်းအမြစ်ကို စက်ရေတွင်းများ တူးဖော်စဉ် ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် တစ်မိနစ်လျှင် လီတာ ၁၀၀၀၀ သို့မဟုတ် ၁၀ ကုဗမီတာ စဉ်ဆက်မပြတ် ထုတ်ပေးကြောင်း သိရသည်။
အဆိုပါပမာဏမှာ သီရိလင်္ကာနိုင်ငံအတွင်း ယခင်ကသတ်မှတ်ထားသည့် မြေအောက်ရေ အရင်းအမြစ်ကို ကျော်လွန်ကြောင်း အမျိုးသားရေပေးဝေရေးနှင့် ရေနုတ်မြောင်းအဖွဲ့မှ တောင်ပိုင်း ပြည်နယ် ဘူမိဗေဒပညာရှင် အင်ဒရာဂျစ် ဂါမေ့ချ်က ပြောကြားသည်။
သီရိလင်္ကာနိုင်ငံ၌ ယခင်အကြီးဆုံး မြေအောက်ရေအရင်းအမြစ်ကို မက်ဒ်ဟူဒေသ၌ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တစ်မိနစ် လျှင် လီတာ ၇၀၀၀ ထွက်ရှိကြောင်း သိရသည်။
သီရိလင်္ကာ အမျိုးသားရေပေးဝေရေးနှင့် ရေနုတ်မြောင်းအဖွဲ့သည် အနီးအနားရှိ ဆင်ခြေဖုံး နေရာများအပြင် ပီတာ ဘက်ဒါရာနှင့် မိုရာဝါကာဒေသတို့အတွင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ရပ်ကွက်များကို ရေထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဆင်ဟွာ၊ဓာတ်ပုံ-adaderana.lk


